ပေါင်မြို့နယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း နေအိမ် ဗုံးပေါက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်မေသူဝင်းရဲ့ နေအိမ်မှာ ဒီကနေ့ အောက်တိုဘာ ၂၂ ရက် မနက် ၄ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်မေသူဝင်းရဲ့ နေအိမ်ကို အမည်မသိ လူတစ်စုက ဗုံးလာရောက် ပစ်သွင်းခဲ့တာပါ။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရတာ မရှိပေမယ့် နေအိမ်ရဲ့ မှန်တချို့နဲ့ အိမ်းစီးကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်သွားပြီး၊ လက်ရှိမှာတော့ ပေါင်မြို့နယ်ရဲ့ နေရာတချို့မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေါ်မေသူဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ပေါင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။