အာရှဖလားခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ဂူအမ်အသင်းကို ၈ ဂိုးပြတ်နိုင်ပြီး အုပ်စုထိပ်ဆုံး ရပ်တည်နေ

အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းလက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ဂူအမ်အသင်းတို့   အောက်တိုဘာ ၂၁ ရက် မနေ့ညနေက ကာဂျစ်စတန် နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့ကစားခဲ့ရာမှာ မြန်မာအသင်း (၈-၀)ဂိုးနဲ့ အနိုင်ရပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည် နေပြီး ခြေစစ်ပွဲအောင်ဖို့ နီးစပ်လာနေပါတယ်။ 

မြန်မာအသင်းဟာ ဂူအမ်အသင်းကို ခြေအသာနဲ့ ကစားသွားခဲ့ပြီး ပထမပိုင်း ၄ မိနစ်မှာပဲ  အဖွင့်ဂိုးကို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက စတင်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို မြတ်နိုးခင်က ပွဲချိန် ၁၄မိနစ်၊ တတိယဂိုးကို ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၃၇ မိနစ်မှာသွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ မြန်မာအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာတော့ မြန်မာအတွက် စတုတ္ထဂိုးကို ခင်မိုမိုထွန်းက သွင်းပေးခဲ့ပြီး ပဉ္စမဂိုးနဲ့ ဆဋ္ဌမဂိုးကို ပွဲချိန် ၅၃ မိနစ်နဲ့ ၈၅မိနစ်တို့မှာ စန်းသော်သော်က သွင်းပေးခဲ့သလို သတ္တမဂိုးကို ပွဲချိန် မိနစ် ၉၀ မှာ ပုံ့ပုံ့ပြည့်မောင်က သွင်းယူပေးခဲ့ကာ အဋ္ဌမဂိုးကို တိုက်စစ်မှူး ဂျူလိုင်ကျော်က နာကျင်အချိန်ပို ပွဲချိန် ၉၀+၃ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း က“ အသင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ကစားခဲ့လို အခုလိုအနိုင်ရလဒ်ကိုရတာပါ။ ပထမပွဲထက်ပိုပြီး အသင်းက ပိုကောင်းလာပါတယ်။ ခြေစစ်ပွဲအောင်ဖို့ အတွက် နောက်ခြေလှမ်းတခုလှမ်းနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်”လို့ပြောတဲ့အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပါတယ်။

ဂူအမ်အသင်းကလည်း သူတို့စွမ်းသလောက် ကြိုးစားကစားခဲ့လို့ လေးစားတဲ့အကြောင်း အာရှဖလားဝင်ခွင့်ရဖို့အတွက် တစ်ပွဲပြီး တစ်ပွဲအကောင်းဆုံး ပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မနေ့က ကန်သွားတဲ့ အုပ်စု (ဃ) တခြားပွဲစဉ်ဖြစ်တဲ့ လက်ဘနွန်နဲ့ ယူအေအီးတို့ ပွဲစဉ်မှာတော့ လက်ဘနွန်က ၁ ဂိုး ဂိုးမရှိနဲ့  အနိုင်ရသွားပါတယ်။ 

အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့်  အမျိုးသမီး အာရှဖလား ၂၀၂၂ ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိရေးအတွက် ယှဉ်ပြိင်ရတဲ့  အာရှဖလားခြေစစ်ပွဲ  အုပ်စု (ဃ) မှာ မြန်မာ၊ လက်ဘနွန်၊ ယူအေအီးနဲ့ ဂူအမ် အသင်းတွေ တအုပ်စုထဲကျနေတာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း လက်ဘနွန်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့လို့ လက်ရှိ အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီး ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အုပ်စုထိပ်မှာ ရပ်တည်နေပါတယ်။   

အုပ်စုတွင်းလက်ကျန်ပွဲစဉ်အဖြစ် လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ မြန်မာ အမျိုးသမီး အသင်းနဲ့ ယူအေအီးအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

Photo- AFC

More News
Up