Live
Home
မြန်မာသတင်း
တောင်ငူမြို့တွင် ဂိမ်းဆော့နေသည့် လူငယ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
October 22, 2021

ပဲခူးတိုင်း၊ တောင်ငူမြို့က  တက္ကသိုလ်ကျောင်းသား တယောက် အပါအဝင် ဒေသခံလူငယ် ၃ ယောက်ကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၂၀ ရက် မနက်  ၁၁ နာရီခွဲလောက်က  အကြမ်းဖက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ ဒေသခံတွေထံက သိရပါတယ်။

တောင်ငူမြို့၊ အမှတ် ၃ ရပ်ကွက်၊ ၃ လမ်းက လက်ဖက်ရည်ဆိုင်တဆိုင်မှာ လက်ဖက်ရည်သောက်ရင်း ဂိမ်းဆော့နေကြတဲ့ ဒေသခံလူငယ် ကိုမင်းသော်သော် အပါအဝင်  ၃ ယောက်ကို အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်ဒေသခံတဦးက ''ကလေးတွေက ဒီဆိုင်မှာ နေ့တိုင်းလိုလို လက်ဖက်ရည်သောက်နေကြ။ သူတို့က လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ဂိမ်းဆော့နေကြတာ။ အရပ်ဝတ်နဲ့ရဲတွေရောက်လာပြီး ၃ ယောက်လုံးကို လက်ထိပ်ခတ်ပြီး ခေါ်သွားတာ'' လို့ ပြောပြပါတယ်။

ကိုမင်းသော်သော်ဟာ တောင်ငူတက္ကသိုလ်၊ ပထဝီဝင်ဘာသာရပ်အထူးပြု ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

ကိုမင်းသော်သော်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တဦးက ''ကလေးက ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ အာရုံကြောလည်း အားနည်းတယ်။ အသက်ကလည်း ၂၀ တောင်မပြည့်သေးဘူး။ ဘာလို့ဖမ်းတယ်ဆိုတာလည်း မသိရသေးဘူး။ သူတို့ကို စစ်ကြောရေးမှာလို့ သိရတယ်။ ဘယ်စစ်ကြောရေးမှာလည်းဆိုတာတော့ စုံစမ်းနေပါတယ်'' လို့ ပြောပြပါတယ်။

လူငယ် ၃ ဦးဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့  တောင်ငူမြို့မရဲစခန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ''သိချင်ရင် ရဲစခန်းလာမေးလှည့်'' လို့သာ တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားခဲ့ပါတယ်။

တောင်ငူမြို့နယ်မှာ အောက်တိုဘာ ၁၈ ရက်က မြို့နယ် ကြံ့ခိုင်ရေးပါတီနာယကလည်းဖြစ်၊ စစ်ကောင်စီရဲ့သတင်းပေးလည်းဖြစ်သူ ၁ ဦး ပစ်သတ်ခံရပြီး၊ စစ်တပ်ပိုင် Mytel တာဝါတိုင်ဖျက်ဆီးခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ပြည်သူတွေကို သံသယနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024