နီပေါနိုင်ငံတွင် မိုးကြီးမြေပြိုပြီး လူ ၄၃ ဦး ထက်မနည်းသေဆုံး

နီပေါနိုင်ငံမှာ သုံးရက်ကြာ မိုးကြီးလို့ မြေပြိုပြီး တောင်ကျရေတွေ ရုတ်တရက် ထိုးကျ ရေကြီးခဲ့အပြီး လူ ၄၃ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။
တခြားလူ အယောက် ၃၀ လည်း ပျောက်နေတယ်လို့ ရဲတွေက အောက်တိုဘာ ၂၀ရက်မှာ ပြောပါတယ်။
ဒါ့အပြင် လူအယောက် ၂ ဒါဇင်ကျော်လည်း ဒဏ်ရာရခဲ့ပြီး တောင်ထူတဲ့ နိုင်ငံတဝန်း ဆေးရုံတွေမှာ ဆေးကုသ ခံနေရတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ဘာဆန်တာ ခွန်ဝါက ပြောပါတယ်။
မြို့တော် ခတ္တမန္ဒူရဲ့ အနောက်ဘက် မိုင်၂၂၀ အကွာက စေတီရွာမှာ ၂ ရက်လောက် ရေဘေးသင့်ပြီး ဘယ်မှ မထွက်နိုင်ဘဲ သောင်တင်နေတဲ့ လူအယောက် ၆၀ လောက်ဆီကို ရောက်ဖို့ ကြိုးစားနေပေမယ့် မိုးအဆက်မပြတ် ရွာနေလို့ မသွားနိုင်ဘဲ ဖြစ်နေပါတယ်။
မနေ့တည်းက ရာသီဥတု ဆိုးပြီး မိုးအဆက်မပြတ် ရွာနေလို့ ကယ်ဆယ်ရေးသမားတွေ ရွာဆီ မရောက်နိုင်သေးဘူး ဒီနေ့ ဆက်ပြီး ကယ်ဖို့ ကြိုးစားနေတယ်လို့ ခွန်ဝါက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
မြစ်ရေလျှံလို့ တံတားတွေ လမ်းတွေနဲ့ အိမ်တွေပါ မျောပါကုန်ပါတယ်ပြီး စပါးခင်းတွေ ရေမြုပ်နေတဲ့ပုံတွေ ရေတိုက်စား ခံလိုက်ရတဲ့ ပုံတွေကို ရုပ်သံလိုင်းတွေက ပြပါတယ်။
နီပေါနိုင်ငံမှာ ပုံမှန်အားဖြင့် နှစ်စဉ် ဇူလိုင် လလယ်ပိုင်းကနေ စက်တင်ဘာလ အထိ မုတ်သုံရာသီအတွင်း ရေကြီး မြေပြိုတာတွေ ဖြစ်နေကျပါ။ လာမယ့်ရက်တွေမှာ မိုးပိုရွာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေး ထားပါတယ်။