ကျောက်မဲ စစ်ရှောင်စခန်းတွင် ဆောင်းရာသီ စောင်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်နေ

ဆောင်းရာသီရောက်လာတာကြောင့် ရှမ်းပြည်နယ် ကျောက်မဲမြို့က စစ်ဘေးရှောင်တွေနေတဲ့ မန်ခါဘုန်းကြီးကျောင်း စစ်ရှောင်စခန်းမှာ စောင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့သိ ရပါတယ်။

"​ဆောင်းရာသီထဲရောက်လာတော့ စောင်တွေလိုလာတယ်၊ စောင်တွေမလုံလောက်တော့တာ၊ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေဆဲပဲ။ ရာသီဥတု အကူးအပြောင်းဆိုတော့ ဖျားတဲ့သူလည်း များတယ်" လို့ စစ်ရှောင်စခန်းက ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းကို လူအသစ်ထပ်ရောက်လာတာမရှိပေမယ့် အလှူရှင်နည်းသွားသလို စစ်ရှောင်စခန်းမှာလည်း ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေများတဲ့အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

"ဒီကိုရောက်တာ နှစ်လကျော်ပြီ၊ အလှူရှင်လည်းမရှိတော့ဘူး၊ စားဖို့ ဟင်းနဲ့ ဆီတွေ အခက်ခဲရှိလာတယ်။ ဖျားတဲ့သူတွေလည်း ရှိလာတယ်၊ ဆရာဝန်တော့မရှိဘူး၊ လာလှူတဲ့ဆေးတွေ တိုက်ရတယ်” လို့ ဒေသခံက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဖျားတဲ့သူတွေကို ကြည့်ပေးမယ့်ဆရာဝန်မရှိဘဲ အလှူရှင်တွေလာလှူတဲ့ ဆေးတွေကိုပဲ တိုက်ရပြီး မသက်သာတဲ့အခါ မြို့ပေါ်ဆေးခန်းတွေကို ပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါမဟုတ်ပေမယ့် ရာသီတုပ်ကွေးကြောင့် ဖျားတဲ့သူများတယ်လို့ သိရပြီး အခုလက်ရှိမှာ လာလှူထားတဲ့ဆေးတွေလည်း မကျန်တော့တာကြောင့် ဆေးဝါးတွေပါ လိုအပ်လာတာလို့ သိရပါတယ်။

မန်ခါဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် အသက် ၁၀၁ နှစ် အဖွားအပါအဝင် ကျား ၈၀၊ မ ၈၅ စုစုပေါင်း ၁၆၅ ယောက်ရှိတယ်လို့ သိရပါတယ်။

More News
Up