အိန္ဒိယမြောက်ပိုင်း မိုးကြီးပြီး ရေးဘေးသင့်သဖြင့် ၄၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ အချိန်ခါမဟုတ် ရက်ပေါင်းများစွာ မိုးကြီးလို့ ရေဘေးသင့်ခဲ့တဲ့အတွက် ကောက်ပဲသီးနှံတွေ ပျက်စီးပြီး လမ်းတွေပိတ်ဆို့ကုန်သလို တံတားတွေလည်း ရေနဲ့ မျောပါခဲ့ပါတယ်။

လူ ၄၆ ယောက်ထက် မနည်း သေဆုံးပြီး သောင်တင်နေတဲ့ လူတွေကို ကယ်ခဲ့ရတယ်လို့ အရာရှိတွေက အောက်တိုဘာ ၂၀ ရက်မှာပြောပါတယ်။

ဟိမဝန္တာတောင်တန်းဒေသဖြစ်တဲ့ ဥတ္တရာခန်းပြည်နယ်မှာ မြစ်ရေလျှံပြီး လယ်ကွင်းတွေ ရေမြုပ်ကုန်လို့ အပျက်အစီးများကြောင်း၊ လယ်သမားတွေ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရလို့  တတ်နိုင်သမျှ အမြန်ဆုံး လျော်ကြေးပေးဖို့ အပျက်အစီးစာရင်းကို ပြုစုဖို့ ကြိုးစားနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

သူဟာ ရေဘေးသင့်ဒေသတွေကို လယ်ထွန်စက်စီးရင်း လိုက်စစ်တမ်းကောက်အပြီးမှာ ပြောလိုက်တာပါ။

မြေပြိုတဲ့ဘေးမှာ ပိတ်မိနေခဲ့တဲ့ လူတွေကို ပိုဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း စာကို တွစ်တာ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။

 ဖေဖော်ဝါရီလတုန်းကလည်း ဒီပြည်နယ်မှာ ရုတ်တရက် ရေကြီးလို့ ရေအားလျှပ်စစ် ဓာတ်အားပေး ဆည်တခု ကျိုးခဲ့တဲ့အတွက် လူအယောက် ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း ကဲလာရာပြည်နယ်မှာလည်း မိုးကြီးအပြီး မြေပြိုလို့ လူအယောက် ၂၀ လောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

More News
Up