နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဖိအားဆက်ပေးရန် HRW တောင်းဆို

မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ လတ်တလောလွှတ်ပေးခဲ့တဲ့ အကျဉ်းသားတချို့ကို ချက်ချင်းပြန်ဖမ်းဆီးခဲ့တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့ ဖိအားဆက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အမေရိကန်အခြေစိုက်  HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အကျဉ်းသားတွေကို ခုလိုလွှတ်ပေးတာဟာ စစ်ကောင်စီအနေနဲ့ နည်းလမ်းသစ်နဲ့ ချဉ်းကပ်နေတယ်ဆိုပြီး သက်ဆိုင်ရာအစိုးရတွေအနေနဲ့ အမှတ်မမှားသင့်ကြောင်းနဲ့ ဒါဟာလည်း စစ်ကောင်စီနဲ့ သူ့ဗိုလ်ချုပ်တွေကို ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာ ဖိအားတွေ တိုးလာတာကို လျော့ပါးသက်သာသွားအောင် လုပ်နေပုံသာဖြစ်တယ်လို့လည်း  HRW  ရဲ့ အာရှ ဥပဒေ အကြံပေး လင်ဒါလခ်ဒ်ဟီရာက ပြောပါတယ်။

သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ စစ်တပ်နဲ့ စစ်တပ်ရဲ့ဦးဆောင်မှု၊ စစ်တပ်ရဲ့ နိုင်ငံခြား၀င်ငွေအရင်းအမြစ်များကို ဖြတ်တောက်ပစ်ဖို့အတွက် စစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေအပေါ် ပိုပြီးပြင်းထန်တဲ့ စီးပွားရေးအရေးယူမှုတွေ ချမှတ်သင့်ကြောင်းနဲ့ စစ်ခေါင်းဆောင် အများစုဟာ  သူတို့ရဲ့ငွေတွေကို မြန်မာနိုင်ငံပြင်ပ နိုင်ငံခြားဘဏ်တွေမှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

မြန်မာစစ်အုပ်စုရဲ့ လတ်တလော အကျဉ်းသားတွေလွှတ်ပေးတာဟာ ကန့်သတ်ချက်ရှိပြီး စစ်တပ်က လူ့အခွင့်အရေးကို လေးစားလိုက်နာသွားလို့ ကြီးကြီးကျယ်ကျယ် ပြောင်းလဲသွားတာမျိုး မဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာလ ၁၈ ရက်က စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ခံရသူ ၁၃၁၆ ဦးနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ တရားစွဲခံနေရသူ ၄၃၂၀ ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့် ကြေညာခဲ့တာပါ။

မတရားချုပ်နှောင်ထားတဲ့ အကျဉ်းသားတွေကို တစ်စိတ်တစ်ပိုင်းလွှတ်ပေးတာဟာ စစ်အုပ်စုရဲ့ မပြောင်းလဲသေးတဲ့ အလွန်အကျွံ ဆိုးဝါးရက်စက်တဲ့ အုပ်ချုပ်မှုကနေ အာရုံမပြောင်းသွားသင့်ဘူး လို့  HRW  ရဲ့ အာရှ ဥပဒေ အကြံပေး လင်ဒါလခ်ဒ်ဟီရာက ပြောကြားခဲ့ပါတယ်။ 

သက်ဆိုင်ရာအစိုးရတွေအနေနဲ့  စစ်ကောင်စီကို နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးဖို့၊ ဆန္ဒပြသူတွေနဲ့ တခြားသူတွေကို နှိပ်စက်ညှဉ်းပန်းမှု အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုကို ချက်ချင်း ပြန်လည်ထူထောင်ရေး ကတိကဝတ်ပြုဖို့ ဖိအားပိုပေးသင့်တယ်လို့လည်း ဆိုပါတယ်။  

ပြန်လွတ်လာသူတွေထဲက တချို့ကို ပြန်ဖမ်းထားကြောင်းနဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး ကတည်းက မတရားချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးသင့်ပြီး မတရား ဖမ်းဆီးမှုများအားလုံးကို အဆုံးသတ်သင့်နေပြီလို့လည်း ပြောဆိုပါတယ်။ 

အောက်တိုဘာ ၁၉ ရက်မှာ သတင်းထောက် ၁၄ ဦး အပါအ၀င် အကျဉ်းသား ၁၈၉ ဦး လွတ်မြောက်လာတယ် လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အတည်ပြုခဲ့ပါတယ်။ 

စစ်ကောင်စီက အကျဉ်းသား ၅၀၀၀ ထောင်ပြန်လွှတ်ပေးမယ်လို့ ကြေညာထားပေမဲ့ အခုအချိန်အထိ ၁၀၀၀ ဝန်းကျင်လောက်သာ ပြန်လွတ်လာသေးပြီး ပြန်လွတ်လာသူအများစုဟာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားဆိုးရွားတဲ့ ဆက်ဆံမှုတွေအကြောင်း ပြောပြခဲ့ကြပါတယ်။ 

စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) အောက်ကလှုံ့ဆော်မှုစွဲချက်‌တွေကို လွှတ်ပေးတာဖြစ်ပြီး တချို့အကျဉ်းသားတွေဟာ ဒီပုဒ်မကနေ လွတ်မြောက်ပေမယ့် တခြားပုဒ်မတွေနဲ့ ပြန်ဖမ်းဆီးခံနေရတာပါ။ နောက်ထပ် ဆန္ဒပြမှုတွေ ထပ်လုပ်ရင် ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်တွေကိုပါ တပေါင်းတည်း ထပ်မံကျခံရမယ်လို့လည်း စစ်ကောင်စီက အမိန့် ထုတ်ထားပါတယ်။ 

ဇွန်လတုန်းကလည်း စစ်ကောင်စီကနေ အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးခဲ့တယ် ဆိုပေမယ့် AAPP ကတော့ ၃၇၂ ဦးပဲ လွတ်မြောက်တယ်လို့ အတည်ပြုထားတာကြောင့် စစ်ကောင်စီဘက်က အမှန်တကယ် ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေထက် ပမာဏ အများကြီးနည်းနေတယ်လို့လည်း ဆိုပါတယ်။ 

More News
Up