ရေစကြို ကားဂိတ်တွင် ပါဆယ်ထုပ်လာယူသူ ၂ ဦးကို စစ်တပ်က ကြိုးတုပ်ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့၊ ဇေယျာမြိုင်ကြီးကားဂိတ်ကို ပါဆယ်ပစ္စည်းလာယူတဲ့ ကျောင်းဆရာတယောက်နဲ့  ကျောင်းသားတယောက်ကို  စစ်ကောင်စီတပ်က ကြိုးတုပ် ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေဆီက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်လောက်က ကားဂိတ်မှာ ပါဆယ်လာယူတဲ့ ကိုအောင်ခိုင်ဝင်းနဲ့ ကိုထွန်းမြတ်အောင်တို့ကို  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ပါဆယ်ထုပ်တွေထဲကို ဖွင့်ဖောက်စစ်ဆေးတာမှာ ဘာမှမတွေ့ရပေမဲ့ သံသယဖြစ်တယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

“ကားဂိတ်ကို ပါဆယ်လာယူကြတာကို ကြိုးတုပ်ပြီး ဖမ်းခေါ်သွားကြတာ။ ပါဆယ်ထုပ်တွေထဲကို ဖွင့်စစ်တယ်။ ဘာမှမတွေ့ဘူး ထင်တယ်။ ဘာမှမတွေ့လည်း သံသယဖြစ်တယ်ဆိုပြီး ဖမ်းသွားတယ်။ သူတို့က ဘယ်အဖွဲ့အစည်းမှ ဝင်ထားတာမရှိဘူး။ ဘာလို့ဖမ်းတာလဲ ဆိုတာလည်း မသိဘူး။ ဒလန်သတင်းပေးတာကြောင့်လည်း ဖြစ်နိုင်တယ်။ မနက်က ၉ နာရီခွဲလောက်က ဖမ်းသွားတာ။ သူတို့က ဘာမှလုပ်ထားတဲ့သူတွေတော့ မဟုတ်ဘူး။ ဘာလို့ ဖမ်းတာလဲမသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇေယျာမြိုင်ကြီး ကားဂိတ်ဟာ နေရှင်နယ် လက်ဖက်ရည်ဆိုင်ရဲ့ မျက်နှာချင်းဆိုင်နေရာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

More News
Up