ဘန်ကောက်တွင် ခရီးသွားများ ပြန်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု ဒုမြို့တော်ဝန် ပြော

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အနေနဲ့ လာမယ့်လထဲ အစိုးရရဲ့ မူဝါဒနဲ့အညီ ကာကွယ်ဆေး အပြည့်အဝထိုးပြီးတဲ့ ခရီးသွားတွေကို လက်ခံခွင့်ပြုဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဘန်ကောက်ဒုမြို့တော်ဝန် ဆိုဖွန် ဖီဆူသီဝေါင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘန်ကောက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁,၀၃၇ ယောက်နဲ့ သေဆုံးသူ ၁၀ ယောက်ထက်မနည်းရှိခဲ့ပြီး ကူးစက်ခံရသူတွေထဲက ၈၀၀ ကျော်ဟာ မြို့တော်မှာ နေထိုင်သူတွေဖြစ်ကာ ကျန်တဲ့ ၂၀၀ ကျော်ကတော့ တခြားခရိုင်တွေက လာရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့အထိ ဘန်ကောက်မှာ အနည်းဆုံး ၁ ကြိမ် ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၈ ဒသမ ၁၃ သန်း ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးပြီးသူ  ၇၀ ဒသမ ၆၃ ရာခိုင် နှုန်းကျော်ရှိနေပြီး အခုလကုန်မှာ ဘန်ကောက်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးဖို့ ရည်မှန်းထားတယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။

ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက် နေ့တွေမှာ ရှော့ပင်းမောလ်တွေက လုပ်ငန်း ၂၄၇ ခုကို စစ်ဆေးခဲ့ရာမှာ အဲဒီထဲက ၂၄၄ ခု က ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာကြတာ တွေ့ရှိကြရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁၈,၀၀၀ ကျော်နဲ့ အာဆီယံဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

More News
Up