Home
မြန်မာသတင်း
ရွှေတိဂုံကို သီတင်းကျွတ်လပြည့်နှင့် လပြည့်ကျော် ၁ ရက်နေ့တွင် ည ၇ နာရီထိ ဖွင့်လှစ်မည်
DVB
·
October 20, 2021

ရွှေတိဂုံစေတီတော်ကို ဒီကနေ့ အောက်တိုဘာ ၂၀ ရက် သီတင်းကျွတ်လပြည့်နေ့နဲ့ ၂၁ ရက်နေ့ လပြည့်ကျော် ၁ ရက်နေ့ တွေမှာ မနက် ၅ နာရီမှ  ည ၇ နာရီထိ ဖွင့်လှစ် ထားမယ်လို့ ဂေါပကအဖွဲ့က ကြေညာထားပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှာ စတင်ဖွင့်လှစ်တဲ့ မနက်အရုဏ်တက်ချိန်ကစလို့ လာရောက်ဖူးမြော်ကုသိုလ်ယူသူတွေနဲ့စည်ကားနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ရန်ကုန်တိုင်း အတွင်းရှိ ၃၁ မြို့နယ်မှာ  ပုဒ်မ ၁၄၄  ညမထွက်ရအမိန့်နဲ့ လူ ၅ ယောက်ထက် ပိုပြီး  လူစုလူဝေးမလုပ်ကြဖို့ အာဏာသိမ်း စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ခုလိုအခြေအနေတွေကြား လူစုလူဝေးနဲ့ ဘုရားဖူးထွက် ပျော်ပါးသွား လာနေကြတာတွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက် နေပါတယ်။

အခုလို ပုံမှန်အတိုင်းသွားလာလှုပ်ရှား ဘုရားဖူးနေကြတဲ့ ပြည်သူတချို့ကို တွေ့ရတာ စစ်အာဏာရှင် တော်လှန်ရေးနဲ့ပတ်သက်လို့ ဝမ်းနည်းတဲ့ခံစားချက်ဖြစ်စေတယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့က အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက ချောင်းသာနဲ့ ငွေဆောင် ပင်လယ်ကမ်းခြေမှာလည်း သီတင်းကျွတ်ပိတ်ရက် ဟိုတယ် ဘွတ်ကင်လုပ်ထားသူတွေနဲ့ ပြည့်နေတယ်လို့  ဟိုတယ်လုပ်ငန်း ရှင်တွေထံက သိရပါတယ်။  

သိပ်မကြာခင်ကလည်း စစ်ကိုင်းတိုင်းအတွင်း ဘုရားဖူးတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရောနှောလိုက်ပါပြီး သွားလာနေတာကြောင့် တော်လှန်ရေးဆင်နွှဲနေတဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်တွေကို စစ်မျက်နှာဖွင့် တိုက်မဲ့နေရာမှာ ဘုရားဖူးခရီးသွားတွေ ထိခိုက်နစ်နာမှာ စိုးရိမ်တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ PDF တပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေကို စစ်မျက်နှာဖွင့်ပြီး တိုက်ဖို့အတွက် ပြည်သူတွေ အနေနဲ့ မလိုအပ်ပဲခရီးမသွားကြဖို့ကို NUG အစိုးရကရော ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကပါ  ထုတ်ပြန်ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024