ကန့်ဘလူမြို့တွင် CDM ဆရာဝန်ရှုတ်ချပွဲ ဦးဆောင်သူ သေနတ်ပစ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ CDM ဆရာဝန်တွေကိုရှုတ်ချပွဲ ဦးဆောင်ပြုလုပ်ခဲ့တဲ့  အမျိုးသား တယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ Kanbalu underground warriors (KBU-UG) အဖွဲ့က  အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြို့ခံတွေအကြား ဒလန်လို့ သတ်မှတ်ခံထားရတဲ့  ကိုအောင်သူထွန်းကို သူ သစ်သီးရောင်းနေကျ ကန့်ဘလူမြို့ ရွှေစည်ကြီးဘုရားအနီးမှာ အောက်တိုဘာ ၁၇ ညနေ ၅ နာရီဝန်းကျင်မှာ  ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်လိုက်တဲ့သူက လူကြားထဲ အရဲစွန့်ဝင်ပစ်ရတာလေ။ အဲဒီမှာ ထိပြီး ကျည်ဒဏ်ရာနဲ့ အနီးနားက  မြို့မရဲစခန်းထဲကို ချက်ချင်း ဝင်ပြေးသွားတယ်။ သေလား ရှင်လား နောက်ဆက်တွဲ အခြေအနေကိုတော့ အခုထိ မသိရသေးဘူး”လို့ KBU-UG တာဝန်ရှိသူက ပြောပါတယ်။

သေနတ်ပစ်သတ်ခံရသူဟာ လက်ရှိ  ကြံ့ခိုင်ရေးပါတီဝင် ကန့်ဘလူ အမှတ် ၁ ရပ်ကွက်  အုပ်ချုပ်ရေးမှူးဦးဝင်းဆွေရဲ့သား  ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေ စတင်ကျယ်ပြန့်လာခါစက တနိုင်ငံလုံး ဘယ်နေရာမှာမှ မလုပ်တဲ့ CDM ဆရာဝန်များရှုတ်ချပွဲကို မတ်လ ၁ ရက်နေ့က  ကန့်ဘလူ ခုတင် (၁၀၀) ဆေးရုံရှေ့မှာ ကိုအောင်သူထွန်းက ဦးဆောင်ပြုလုပ်ခဲ့တာပါ။

“ပြည်သူ့အကျိုးဆန့်ကျင်သော ဆရာဝန်များ အလိုမရှိ ဘာတဲ့ ဆရာဝန်ကျင့်ဝတ်နှင့်မညီသော CDM ဆရာဝန်များ အလိုမရှိ ဆိုပြီး အဲ့နေ့က အော်ကြတာ”လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up