ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့က လျှပ်စစ်ဌာန (EPC) ရုံးနဲ့ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ အောက်တိုဘာ ၁၉ ရက်နေ့ည ၇ နာရီဝန်းကျင်က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ည ၇ နာရီလောက်က တကြိမ်နဲ့ ၈ နာရီလောက်မှာ တကြိမ် ၂ လုံးကွဲတယ်။ ထိခိုက်ဒဏ်ရာရသူတွေရှိနိုင်တယ်။ လူနာတင်ကားတွေ သွားတာကြားနေရတယ်” လို့ ပြောပြပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို ပြည်မြို့မြေအောက်ပြောက်ကျားအဖွဲ့ (PUGF) က ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
“၇ နာရီလောက်က ဗုံး ၁ လုံးကွဲပြီး ပြည်သူတွေထိမှာစိုးလို့ ကြေညာချက်ထုတ်ပြီးမှ နောက် ၁ လုံးထပ်ကွဲတာပါ။ စစ်ကောင်စီလက်အောက် ထိခိုက်ဖို့များတယ်။ မသိရသေးဘူး” လို့ PUDF တာဝန်ခံက အတည်ပြုပြောပါတယ်။
နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က နေပြည်တော်၊ အမှတ်(၃)ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် PDF တာဝန်ခံဆီက သိရပါတယ်။
ဒေသခံတဦးက “အခုရက်ပိုင်း နေပြည်တော်နဲ့ ပျဉ်းမနားဘက်တွေမှာ ဗုံးပေါက်ကွဲမှုတွေလည်း ပိုမိုပြင်းထန်နေတယ်'' လို့ မှတ်ချက်ပြု ပြောပါတယ်။
အခု ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံတွေ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။