Home
မြန်မာသတင်း
၂၀၁၃ တနှစ်အတွင်း နိုင်ငံတကာ ထူးခြားဖြစ်စဉ်များ (၁)
DVB
·
January 1, 2014
ဇန်န၀ါရီလ အိန္ဒိယနိုင်ငံက ဆေးကျောင်းသူလေး ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့လို့ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို စာဖတ်ပရိသတ်များ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒီ ပြစ်မှု ကျူးလွန်ခဲ့တဲ့ တရားခံတွေလို့ စွပ်စွဲခံရတဲ့ အမျိုးသား ၅ ယောက်ကို ဇန်န၀ါရီ ၇ ရက်နေ့ကတော့ တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။ သူတို့ထဲက ၂ ယောက်ကတော့ ပြစ်ဒဏ် သက်သာစေဖို့ သက်သေတွေကို တောင်းခံခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အိန္ဒိယ တနိုင်ငံလုံး ဒေါသထွက်ခဲ့ကြပြီး လူထုကြီးက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးတော့ ပြင်းထန်တဲ့ပြစ်ဒဏ် စီရင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု မြင့်တက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံအဆင့် စကားရည်လုပွဲတွေပါ ပေါ်ပေါက်ခဲ့ပြီး အမျိုးသမီး ကာကွယ်ရေး ဥပဒေသစ်တရပ်ပါ ပြဌာန်းပေး ခဲ့ရပါတယ်။ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားဟာ သူရဲ့ သမ္မတအဖြစ် ဒုတိယ သက်တမ်းအတွက် အိမ်ဖြူတော်ရဲ့ အခန်းပြာမှာ ဇန်န၀ါရီ ၂၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အမေရိကန် တရားရုံးချုပ်ကတော့ အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်တဲ့ အိုဘားမားကို သူတာဝန်ယူရတဲ့ အခန်းကဏ္ဍအကြောင်း ထပ်ပြီး ပြောခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာတော့ အယ်လ်ကေဒါနဲ့ အဆက်အသွယ်ရှိတဲ့ သေနတ်သမားတွေက ထိန်းချုပ်ထားတဲ့ သဘာဝဓာတ်ငွေ့စက်ရုံကို နောက်ဆုံးအချီ သိမ်းပိုက်မှုလို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောတဲ့ စစ်ဆင်ရေးကို ဇန်န၀ါရီ ၁၉ ရက်နေ့က ဆင်နွှဲခဲ့တာကြောင့် အာဏာပိုင်တွေက ရေနံကုမ္ပဏီရှိရာ နယ်မြေကို ဘယ်မီဒီယာတွေကိုမှ ပေးမ၀င်ခဲ့ပါဘူး။ အယ်ဂျီးရီးယား စစ်သားတွေကတော့ တစ်ဂံတော်ရင်းနယ်မြေက ဓာတ်ငွေ့ပိုက်လိုင်း တပ်ဆင်မှုကို ညွှန်ပြထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်နားမှာ စစ်ဆေးရေးစခန်းကို တပ်စွဲ ထားပါတယ်။ ဇန်န၀ါရီ ၂၇ ရက်ကတော့ ဘရာဇီးနိုင်ငံတောင်ပိုင်းက နိုက်ကလပ် တခု မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၂၃၂ ယောက် သေဆုံးပါတယ်။ ထွက်ပြေးကြသူတွေက အရေးပေါ်ထွက်ပေါက်ကို ရှာမတွေ့နိုင်ခဲ့လို့ ထိန်းမနိုင်သိမ်း မရ ၀ရုန်းသုန်းကား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မီးထဲကနေ လူတွေကို ဆွဲထုတ်နေတဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ဘေးက ရပ်ကြည့်နေတဲ့ လူတွေက ရုပ်သံ ရိုက်ကူး မှတ်တမ်းတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ချစ်သူများနေ့လို့ အမှတ်သညာပြုထားတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ တောင်အာဖရိကရဲ့ အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်ပွဲတွေရဲ့ငွေကြယ်ပွင့် ဖြစ်သူ အိုစကာ ပစ်တိုးရီးယပ်စ်ဟာ သူ့ရဲ့နေအိမ်မှာ ချစ်သူ မိန်းကလေးကို သေနတ်နဲ့ပစ်ခဲ့တဲ့ အမှုကလည်း ကမ္ဘာကျော်အမှု ဖြစ်လာခဲ့ပါတယ်။ အိုလံပစ်ဆုရှင်ကိုတော့ ဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်ကတော့ ကောင်းကင်က ကျလာတဲ့ ဥက္ကာခဲတလုံး ရုရှအလယ်ပိုင်းကို ထိမှန်ခဲ့လို့ လူတထောင်လောက် ဒဏ်ရာရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အဆောက်အဦတွေ ပျက်စီးပြီး ပြတင်းပေါက်မှန်တွေ အစိတ်စိတ်အမွှာမွှာ ကွဲခဲ့တယ်လို့ ရုရှပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ရီယာ နိုဗိုစတီ ရုပ်သံက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံက ကတ်တာမြို့မှာ လူများစု ဆွန်နီမွတ်စလင်တွေထဲက အစွန်းရောက်သမား တွေရဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တိုက်ခိုက်မှုတွေကြောင့် ကျောင်းသားလေး တွေ အပါအ၀င် လူ ၆၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဗုံးခွဲမှုကို လက်ရှ်ကာ အီ ဂျန်ဗီ အဖွဲ့က လုပ်ဆောင်တာလို့ အဲဒီအဖွဲ့ရဲ့ပြောခွင့်ရသူက အခိုင်အမာ ပြောပါတယ်။ မြို့မဈေး ကျောင်းတကျောင်းနဲ့ ကွန်ပြူတာစင်တာတခုက ဖောက်ခွဲမှုတွေကြောင့် လူသေဆုံးမှု ရှိခဲ့ပြီး အထိခိုက်ဆုံးက ရှီးယိုက် မွတ်စလင်တွေဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ ဆီးရီးယားအလယ်ပိုင်း ဒမတ်စကတ်မြို့က ဖေဖော်ဝါရီ ၂၁ ရက် ကားဗုံးပေါက်ကွဲမှုမှာတော့ လူ ၅၀ ကျော် သေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရပါတယ်။ လက်ရှိအာဏာရ ဘာ့သ်ပါတီရုံးနဲ့ ရုရှသံရုံးနားက လူထူတဲ့ အဝေးပြေးလမ်းပေါ်မှာ ပေါက်ကွဲခဲ့တာလို့ အစိုးရမီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အီဂျစ်နိုင်ငံ လက်ခ်ဆာမြို့နားမှာ အာရုံတက်ချိန် မိုးပျံပူဖောင်းတစီး ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ပျက်ကျခဲ့လို့ အာရှနဲ့ ဥရောပ ခရီးသွားဧည့်သည် ၁၉ ယောက် သေဆုံးတယ်လို့ ဒေသတွင်း ခရီးသွား လုပ်ငန်းအရာရှိတယောက်နဲ့ အစိုးရ သတင်းဌာနတို့က ပြောပါတယ်။ ပေါက်ကွဲမှုက ပေတထောင် အမြင့်မှာ ဖြစ်ပေမယ့် ခရီးသည်တယောက်နဲ့ မိုးပျံပူဖောင်း ထိန်းကျောင်း မောင်းနှင်သူတို့ အသက်ရှင်ခဲ့တယ်လို့ လုပ်ငန်းလည်ပတ်သူရဲ့ ပြောခွင့်ရက ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ပုပ်ရဟန်းမင်းကြီး ဘဲနဲဒစ်ဟာ ဗာတီကန်နန်းတော်ကို စွန့်ခွာခဲ့ပြီး နွေရာသီ စံအိမ်ဆီကို ထွက်ခွာသွားပါတယ်။ သူဟာ နှစ်ပေါင်း ၆ ရာအတွင်း သက်ဆုံးတိုင် မအုပ်ချုပ်ဘဲ နှုတ်ထွက်တဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။ မတ်လ မတ်လထဲမှာတော့ ဗင်နီဇွဲလား သမ္မတ ဟူဂို ရှာဗဲ့ဇ်ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား ခဲ့ပါတယ်။ ကင်ဆာရောဂါကို ၂ နှစ်တာ ခံစားခဲ့ရတဲ့ ဆိုရှယ်လစ်ခေါင်းဆောင်ဟာ တောင်အမေရိကနိုင်ငံကို ၁၄ နှစ် အုပ်ချုပ်ရင်း ဇာတ်သိမ်းခဲ့တယ်လို့ ဒုသမ္မတ နီကိုလပ်စ် မာဒူရိုက ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ မတ်လ ၆ရက်နေ့မှာတော့ သမ္မတကို ထောက်ခံသူ လူပင်လယ်ကြီးဟာ ငိုကြွေးအော်ဟစ်ရင်း ကာရာကတ်စ်မြို့ရဲ့ လမ်းတွေတလျှောက် သူ့ရဲ့ခေါင်းတလားကို သယ်ဆောင် ချီတက်ခဲ့ကြပါတယ်။ မတ်လ ၈ ရက်နေ့ ဈာပနပွဲကိုတော့ အီရန်သမတ မာမွတ် အမာဒီနဲဂျက်ကနေ အိုလံပစ်ဆုရှင် အမေရိကန် စီယံပဲန်းတို့ အဆုံး လိုက်ပါ ပို့ဆောင်ခဲ့တာပါ။ နှုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်းကြီးနေရာကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းအသစ်ကို ရွေးချယ်တင်မြှောက်ပြီး ဖြစ်ကြောင်း မတ်လ ၁၃ရက်နေ့က စိန့်ပီတာဘုရားကျောင်းက မီးခိုးခေါင်းတိုင်ကနေ မီးခိုးဖြူတွေ ထွက်လာပြီး ခေါင်းလောင်းတွေ တီးခတ်ရင်း အချက်ပြခဲ့ပါတယ်။ နှုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်း ဘဲနဲဒစ်ရဲ့ နေရာမှာ အာဂျင်တီးနား နိုင်ငံသား ပုပ်ရဟန်းမင်း ဖရန်စစ် က ဆက်ခံခဲ့ပြီး ရိုမန်ကက်သလစ် ဘုရားကျောင်းကို တာဝန်ခံ ကြီးကြပ်ခဲ့ပါတယ်။ အီရတ်နိုင်ငံရဲ့မြို့တော် ဘဂ်ဂဒက်က ရှီးယိုက်မွတ်စလင်တွေ ကြီးစိုးရာ ခရိုင်နဲ့မြို့တော် တောင်ပိုင်းတို့မှာ အသေခံ ကားဗုံးဖောက်ခွဲမှုတွေ မတ်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၅၀ သေဆုံးပါတယ်။ အဲဒီနေ့ဟာ ဆက်ဒမ်ဟူစိန်ကို နှင်ထုတ်ဖို့ အမေရိကန် ကျူးကျော်ခဲ့တဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ အသေခံဗုံးသမားက ရှီးယိုက်မြို့ထဲက ရဲအခြေစိုက် စခန်းထဲကို ကုန်ကားတစီး မောင်းသွင်း တိုက်ခိုက်ခဲ့တာလို့ ရဲတွေနဲ့ ဆေးရုံက သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဧပြီလ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာဟာ ဧပြီ ၈ ရက်နေ့က သေဆုံးခဲ့ပါတယ်။ အသက် ၈၇ နှစ် အရွယ်မှာ လေဖြတ်အပြီး သေဆုံးခဲ့တာပါ။ သံမဏိမယ်လို့ တင်စားခံရတဲ့ မစ်စက်သက်ချာဟာ တိုင်းပြည်ကို ဦးဆောင်ခဲ့ရုံသာမက ကယ်တင်ခဲ့တာလို့ ဗြိတိန်လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သူရဲကောင်းနေ့အဖြစ် မန်ဆာချူးဆက် ပြည်နယ်က ဘော့စ်တွန်မှာ ဧပြီ ၁၅ ရက်က ကျင်းပတဲ့ မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်စည်းနားက ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ယောက် သေဆုံးပြီး လူတရာကျော် ဒဏ်ရာရခဲ့ပါတယ် ဒီလုပ်ရပ်ကို အကြမ်းဖက်မှုအဖြစ် ကိုင်တွယ်ဖြေရှင်းမယ်လို့ အိမ်ဖြူတော်အရာရှိက ပြောခဲ့ပါတယ်။ မာရသွန်ပွဲမှာ ပေါက်ကွဲမှုတွေကြောင့် အပြေးသမားတချို့ရဲ့ခြေထောက်တွေ ပြတ်ထွက်ခဲ့ပါတယ်။ ဗုံးဖောက်ခွဲခဲ့တဲ့ ချေချင်ညာ ညီအစ်ကို ၂ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ရာမှာ တယောက် သေဆုံးပြီး တယောက်ကို ရုံးတင် တရားစွဲခဲ့ပါတယ်။ ဗုံးဖောက်သူလို့ သံသယရှိတဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟာ အသည်းအသန် ဖြစ်နေပေမယ့် အခြေအနေ တည်ငြိမ်တယ်လို့ ဘော့စတွန် ရဲကော်မရှင်နာ မင်းကြီး အဲ့ဒ် ဒါဗစ်က ပြောပါတယ်။ တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရဲ့ ဝေးလံသီခေါင်တဲ့ ဒေသမှာ ပြင်းအား ရစ်ချတ်တာ စကေးလ် ၆.၆ ရှိတဲ့ အဲဒီငလျင်ကြောင့် အနည်းဆုံး လူ ၁၀၂ ယောက်သေဆုံးပြီး လူ ၂၂၀ ၀လောက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရမီဒီယာ စီစီတီဗီက ကြေညာပါတယ်။ တရုတ်ဝန်ကြီးချုပ် လီကီချန်က ငလျင်လှုပ်ခဲ့တဲ့ နေရာကို ဧပြီ ၂၀ရက်က လေယာဉ်နဲ့ သွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ မြို့တော် ဒါကာရဲ့ မြို့ပြင်မှာ ရှော့ပင်းစင်တာ ဈေးတခုနဲ့ အထည်ချုပ် စက်ရုံတွေ ပါဝင်တဲ့ ၈ ထပ် အဆောက်အဦတလုံး ဧပြီ ၂၄ ရက်က ပြိုကျခဲ့လို့ လူ တထောင်ကျော်လောက် သေဆုံးခဲ့ရပါတယ်။ ပြိုကျတဲ့ ရာနာ ပလာဇာထဲက အပျက်အစီးတွေထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ဖို့ မီးသတ်သမားတွေရော စစ်တပ်ကပါ ကြိုးစားခဲ့ရတာပါ။ သေဆုံးသူ အရေအတွက်က ၁၁၂၉ ယောက်ထိ မြင့်တက်ခဲ့လို့ ကမ္ဘာ့အဆိုးဝါးဆုံး လုပ်ငန်းဆိုင်ရာ မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ မေလ အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားမြို့ ဆင်ခြေဖုံးက မိုးရ်ဒေသကို တနာရီ မိုင် ၂ ရာထိ ပြင်းထန်တဲ့ လေဆင်နှာမောင်းကြီး မေ ၂၀ ရက်က တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ စာသင်ကျောင်း၂ကျောင်း ပျက်စီးပြီး အများအပြား ထိခိုက် ဆုံးရှုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေကတော့ မေလ ၂၁ရက်နေ့ထိ ရှင်သန်ကျန်ရစ်သူတွေကို တအိမ်ပြီး တအိမ် လိုက်ရှာခဲ့ရပါတယ်။ လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒီမုန်တိုင်းက အမေရိကန်နိုင်ငံတွင်း ပြည်နယ်ဆယ်ခုကို ခြိမ်းခြောက် တိုက်ခတ်ခဲ့တာပါ။ ဗြိတိသျှစစ်သား လီးရစ်ဘီကို အစွန်းရောက်မွတ်ဆလင် ၂ ဦးက မေလ ၂၂ ရက်နေ့တုန်းက နေ့ခင်းကြောင်တောင်မှာ သတ်ဖြတ်ခဲ့တာကလည်း ကမ္ဘာတ၀ှမ်း ထိတ်လန့်စိတ်ဝင်စားခဲ့ရတဲ့ ဖြစ်ရပ်ပါ။ အသက် ၂၅ နှစ်အရွယ် အာဖဂန်စစ်ပြန် လီရစ်ဘီကို သတ်ဖြတ်ခဲ့တဲ့ တရားခံ ၂ ယောက်ကို ရဲတွေက ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံထဲက တယောက်ဟာ ၂၀၁၀ က ဆိုမာလီးယားနိုင်ငံတွင်းက အယ်လ်ကေဒါနဲ့ ချိတ်ဆက်ထားတဲ့ အုပ်စုတွေကို သင်တန်းပေးသူလို့ သံသယရှိလို့ ကင်ညာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရဖူးတယ်လို့ ကင်ညာရဲတွေက မေလ ၂၆ ရက်က ပြောပါတယ်။ သူတို့၂ယောက်ကို နိုဝင်ဘာ ၂၉ မှာမှ စတင် တရားစွဲခဲ့တာပါ။ ဇွန်လ ဟန်ဂေရီနိုင်ငံမှာ ဇွန် ၇ ရက်နေ့က ဒါနူဘီမြစ်ကမ်းပါး ကျိုးပေါက်ခဲ့ပြီးနောက်မှာ မြို့တော်ဘူဒါပတ်စ်ရဲ့ မြောက်ပိုင်းဆင်ခြေဖုံးတွေကို စံချိန်တင် ရေလွှမ်းမိုး ခံခဲ့ရပါတယ်။ လူအနည်းဆုံး ၁၂၀၀ လောက်ဟာ မြို့နယ် ၂၈ ခုနဲ့ ရွာတွေကို စွန့်ခွာခဲ့ရပြီး လမ်းပေါင်း ၅၀ နီးပါးကို ပိတ်ခဲ့ရပါတယ်။ ၀န်ကြီးချုပ် ဗစ်တာအော်ဘန်ကတော့ မြို့တော် ရေလွှမ်းမခံရအောင် တာရိုးတွေကို အားဖြည့်ခဲ့ပါတယ်။ အဲဒီမြစ်ဟာ ဂျာမနီနိုင်ငံရဲ့ တောင်ပိုင်းမြို့တွေကိုပါ ရေလွှမ်းမိုးခဲ့လို့ ကျောင်းတွေ ပိတ်ခဲ့ရပြီး ဘာဗာရီယံမြို့ရဲ့ အစိတ်အပိုင်းအများစုမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပါတယ်။ ဆက်တိုက် မိုးသည်းထန်မှုကြောင့် ဒါနူဘီ အစ်စာနဲ့ အယ်လ်ဘေး မြစ်တွေ ရေကြီးခဲ့တဲ့ အတွက် ချက်သမ္မတနိုင်ငံနယ်စပ်ကနေ ကီလို ၅၀ အကွာက ဒတ်ဂန်းဒေါ့ဖ် အပါအ၀င် မြို့အများအပြားဟာ လုံးဝနီးပါးနစ်မြုပ်တဲ့အထိ ရေလွှမ်းမိုးခံခဲ့ရပါတယ်။ အမေရိကန် ထောက်လှမ်းရေးဟောင်း အဒ်ဝပ်စနိုးဒန်ဟာ အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေး အစီအစဉ် အသေးစိတ်ကို ဗြိတိန်ရဲ့ ဂါးဒီးယန်းသတင်းစာကနေ တဆင့် လူသိရှင်ကြား ဖော်ထုတ်လိုက်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်မှာ ဖြန့်ချိတဲ့ ဇာတ်လမ်းတွေ ထဲမှာတော့ ပရစ်ဇင် အစီအစဉ်ရှိနေကြောင်းလည်း ပါဝင်ပါတယ် ဒီဖြစ်ရပ်ကြောင့် သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို လွှဲပြောင်းပေးဖို့ ဗာရီဇွန် တယ်လီကွန် ကုမ္ပဏီကို တရားရုံးက ဖိအားပေးခဲ့ပါတယ်။ အိနိယမြောက်ပိုင်းမှာတော့ ဇွန် ၁၈ ရက်နေ့က မုတ်သုန်မိုး သည်းထန်လို့ ဂင်္ဂါမြစ်ရေ လျှံခဲ့တဲ့အတွက် အနည်းဆုံး လူ ၆၀ သေဆုံးပြီး ထောင်သောင်းချီနေတဲ့ လူတွေ သောင်တင်ခဲ့ရပါတယ်။ အိန္ဒိယရဲ့ အရှည်ဆုံးမြစ် ရေကြီးလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ရပါတယ်။ မိုးဟာ အိန္ဒိယအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ ဇွန်လကနေ စက်တင်ဘာအတွင်း ရွာနေကျ ပျမ်းမျှမိုးရေချိန်ရဲ့ ၂ ဆ ထိ ရွာသွန်းခဲ့တာပါ။ မုတ်သုံမိုးရာသီ အ၀င်ကလည်း ခါတိုင်းထက် တလ ပိုစောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024