Home
ဆောင်းပါး
နမခဒုတိုင်းမှူးရုံးမှ ထွက်ပြေးလာသည့် တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်း၏ ထွက်ဆိုချက်
DVB
·
October 19, 2021

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဒုတိုင်းမှူး မျိုးထွဋ်လှိုင်ရဲ့ ရုံးမှာ တာဝန်ဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးစာရေး ဟင်လျန်ပြန်းဟာ  စစ်အာဏာရှင်လက်အောက်  ဆက်လက် တာဝန်မထမ်းဆောင်လိုတော့တဲ့အတွက် မကြာသေးခင်ကမှ ထွက်ပြေးလွတ်မြောက်လာပြီး တပ်တွင်းသူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့   Chinland Defense Force (CDF) ကို ထွက်ဆို ပြောကြားထားချက်တွေကို ပြန်လည်  ရေးသား ဖော်ပြပေးလိုက်ပါတယ်။ 

တပ်ကြပ်ကြီး စာရေး ဟင်လျန်ပြန်း

ကျနော်ကတော့ ကိုယ်ပိုင်အမှတ် တ-၄၀၁၇၆၁ တပ်ကြပ်ကြီး / စာရေး ဟင်လျန်ပြန်းဖြစ်ပါတယ်။ ကျနော် ဒီ ၂၀၀၈ ၁၀ လပိုင်းကစပြီးတော့ ဗမာ့တပ်မတော်ထဲကို စတင်တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ အခုလက်ရှိမှာတော့် ကျနော် အမှတ် ၂၆၈ ခြေလျင်တပ်ရင်း ဖလန်းမြို့မှာ တပ်ကြပ်ကြီး/စာရေးနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ အာဏာသိမ်းပြီးတော့  ၄ လပိုင်းကစပြီး စစ်ဗျူဟာအခြေစိုက် ဟားခါး ဒုတိယတိုင်းမှူး ဗိုလ်ချုပ် မျိုးထွဋ်လှိုင် ကွပ်ကဲမှု အောက်ကနေပြီးတော့ ချင်းပြည်နယ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနရုံးခွဲအနေနဲ့ ကျနော်က အဲမှာ ပူးတွဲ တာဝန်ထမ်းဆောင်ပါတယ်။

စစ်ကောင်စီတပ်၏ လူသားဒိုင်းနည်းဗျူဟာ  

 “ ကျနော် ပထမဦးဆုံး ပြောလိုတာကတော့ ကျနော်တို့ စစ်တပ်မှာ အခုဆိုရင် လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး ရက်စက်တဲ့နည်းလမ်းတွေနဲ့ ပြည်သူလူထုကို နှိမ်နှင်းဖို့၊တော်လှန်ရေး တပ်သားတွေကို နှိမ်နှင်းဖို့ သူတို့ ကြိုးစားလာတာပေါ့နော်။ ဒီကြိုးစားမှုကို ဒါ တကမ္ဘာလုံး သိစေချင်တဲ့အချက်တွေပေါ့။  ပထမအချက်အနေနဲ့ ကျနော်တို့ လက်နက်ကြီးတွေ လူသားမဆန်တဲ့လက်နက်ကြီးတွေ၊ ဓာတုလက်နက်တွေ တပ်ဆင်ပြီးတော့ ကျနော်တို့အစိုးရကို၊ အာဏာရှင်ကို တော်လှန်နေတဲ့ တပ်ပေါင်းစုတွေကို ဖိနှိပ်ဖို့ ၊ ပြည်သူလူထုကို ဖိနှိပ်ဖို့ ဒီလိုလက်နက်တွေ အသုံးပြုလာတာကိုတွေ့တယ်။ ဒါလည်းကျနော် ကိုယ်တိုင်တွေ့နေတဲ့ အရာတွေပါ။ ဒုတိယအနေနဲ့ ဘာကို အသုံးပြုလာလဲဆိုတော့ ဘာသာရေးခေါင်းဆောင်တွေကို စည်းရုံးပြီး ဘာသာရေးကို အသုံးချပြီးတော့ အဲဒီကနေ တဆင့်ဖိနှိပ်ဖို့ကို သူတို့ ကြိုးစားလာတယ်။ ဒါ နိုင်ငံရေးကို ဘာသာရေး ဆွဲထည့်ပြီးတော့ အသုံးပြုလာတယ်။ ဒါဟာလည်း ရက်စက်တဲ့ လုပ်ရပ်တွေပဲလို့ ကျနော်မြင်တယ်။ ပြီးရင် သူတို့ နောက်ထပ် ဘာလုပ်ထားလဲဆိုတော့ NON-CDM တွေပေါ့နော်။ CDM မလုပ်တဲ့ ဝန်ထမ်းတွေ၊ သူတို့ဝန်ထမ်းတွေ သဘောအားဖြင့် သူတို့မှာလည်း လုပ်သက်က ကြီးလာပြီ၊ သူတို့ရဲ့လုပ်သက်ကို  အငြိမ်းစားလစာကို သူတို့က မျှော်မှန်းပြီး အေးအေးချမ်းချမ်းပဲ နေချင်တဲ့အတွက် သူတို့ မလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို သူတို့က အသုံးချလာတာပေါ့နော်။ သူတို့ကို စည်းရုံးတယ်။ စစ်ပညာသင်တန်းတွေ သင်ပေးတယ်။ လက်နက်တွေ တပ်ဆင်လာတယ်။ အဲဒီအတွက် ပြည်သူလူထုကို အသုံးချလာတယ်။ ရက်စက်တဲ့ နည်းလမ်းမျိုးစုံနဲ့ အရင်ဘယ်နိုင်ငံမဆို သူပုန်တွေ အသုံးချတဲ့ ရက်စက်တဲ့နည်းလမ်းတွေကို သူတို့က အသုံးချနေတယ်။  ”

တသွေးတသံတမိန့် ခိုင်းတာလုပ်၊ ကြွေးတာစား၊ ပြန်မပြောနဲ့

“ တချို့တလေမှာ ပြောင်းလဲတဲ့အရာတွေရှိတယ်။ တချို့တွေကတော့ သူတို့ စစ်တပ်ရဲ့မူဝါဒနဲ့ တသွေးတသံ တမိန့် ပြီးရင် ခိုင်းတာလုပ်၊ ကြွေးတာစား၊ ပြန်မပြောနဲ့ဆိုတဲ့စကားတွေ စကားပုံအနေနဲ့ရှိပေမယ့် မြေပြင်မှာ တကယ်လည်း ဒီလိုပါပဲ။ အဲဒီတော့ ကျနော်တို့ ရဲဘော်စစ်သည်၊ စစ်သားမှာလည်း အဓိက ပြဿနာက ဘာလဲဆိုတော့ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစားဆိုတဲ့ ခွဲခြားဆက်ဆံမှုရှိတယ်။ ရပိုင်ခွင့်တွေက အစ ဒီလိုကွာဟမှုတွေရှိတယ်။ သူတို့ရဲ့ဒီလိုစနစ်ကြီးထဲမှာ ကျနော်တို့ ကြာလာရင်တော့ စစ်သည်အားလုံးဟာလည်း ဒီခံစားချက်တွေလည်းရှိတယ်။ သူတို့မှာ။ ဒီမကျေနပ်မှုတွေလည်းရှိတယ်။ ဒီအခြေအနေတွေကို အခုပြေးလာတဲ့ အကြောင်းက ဒီအခြေအနေတွေကို သည်းမခံနိုင်လို့ဘဲ ပြေးလာရတာ။ ဘယ်လိုပဲ ဖြစ်ဖြစ်  မိမိအနာဂတ်၊ မိမိနိုင်ငံတော်၊ ကျနော်တို့တွေ လူငယ်တွေဖြစ်တယ်။ အခုဒီလိုလူငယ်ဘဝမှာ ကျနော်တို့ရဲ့ဘဝ၊ ကျနော်တို့ရဲ့ အနာဂတ်ကို ကျနော်တို့ မဖန်တီးနိုင်ရင် တနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအားလုံးလည်း ဒီစိတ်ဓာတ်ကို ထားစေချင်တယ်ပေါ့နော်။ ”

သူပုန်ထက်ဆိုးတယ်

“ တရားဝင်အမိန့်ပေးတဲ့ လုပ်ရပ်တွေလည်းရှိတယ်။ ပြီးရင် အောက်ခြေရဲဘော်တွေက ဖြစ်ချင်တာဖြစ်၊ လုပ်ချင်တာလုပ် ဆိုတဲ့အခြေအနေမျိုးမှာလည်းရှိတယ်။ အဓိကကတော့ ဘယ်လိုမျိုးမှာ အမိန့်ပေးလဲဆိုရင် ဥပမာ ဆန္ဒပြတုန်းကဆိုရင် ဆန္ဒပြနေတဲ့အချိန်မှာ အကြမ်းဖက် နှိမ်နှင်းဖို့က အမိန့်၊ အထက်ရဲ့အမိန့်အရ လက်နက်မဲ့ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို လက်နက်အားဖြင့် ဖိနှိပ်ဖို့၊ ဖြိုခွဲဖို့ အမိန့်ပေးပြီး လုပ်ဆောင်ခဲ့တယ်။ နောက်တော့အခုဆိုရင်ကျနော်တို့ ပလက်ဝ၊ မင်းတပ်မြို့ဘက်မှာ စစ်ပွဲတွေ ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့အခု ဆိုရင် မင်းတပ်မြို့လည်း ပျက်သုဉ်းသလောက်၊ အခုထန်တလန်လည်း ဒီလို အခြေအနေမျိုးမှာ ဒီလိုမျိုး မဟုတ်တောင်မှ ရိုးရိုးအေးအေးချမ်းချမ်းနေတဲ့ ပြည်သူလူထုတွေရဲ့ ကျေးရွာ၊ ဒေသတွေမှာ စစ်ကားတွေရောက်လာပြီဆိုရင် အကြောက်ရဆုံးက သူပုန်ထက်ဆိုးတယ်။ သူတို့က၊ ရက်စက်တာ။ ဒါသူတို့ စစ်သားတွေကို စတင်လေ့ကျင့်သင်ကြားပေးကတည်းကိုက အာဏာရှင်စနစ်ဆိုးကြီးကို ရိုက်သွင်းထားတာ။ အခု DSA တက္ကသိုလ်ဆိုရင်လည်း အဆိုးဆုံးပါ။  DSA တက္ကသိုလ်ဆိုရင် စီနီယာ၊ ဂျူနီယာစနစ်ကနေ ဖိနှိပ်အုပ်ချုပ်တဲ့ စနစ်၊ ကြီးသူငယ်နိုင်စနစ်နဲ့ပဲ သူတို့အုပ်ချုပ်ပြီး သင်ကြားလာတာလေ။ ဒီအတွေးအခေါ်နဲ့ ဒီလိုပဲ ကြီးပြင်လာတဲ့လူတွေ၊ သူတို့ အပြင်လောက ရောက်ရင်လည်း သူတို့အဲဒီအကျင့်စရိုက်ပဲ ပြည်သူအပေါ် ကျင့်ကြံကြတယ်။ ဒါပေမဲ့ တချို့တလေကျတော့ သူတို့ရဲ့မျိုးရိုး မိဘတွေရဲ့ကောင်းမှုကြောင်း စိတ်ထား စေတနာကောင်းတဲ့ အရာရှိတွေလည်းအများကြီးရှိတယ်။ စိတ်ထားစေတနာကောင်းပြီး ရိုးသားဖြူစင်တဲ့လူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ၉၀ ရာခိုင်နှုန်းသည် မကောင်းတဲ့ အာဏာရှင်စနစ် အကျင့်စရိုက်ကို ကျင့်သုံးထားတာတွေ့ရတယ်။ ဒါ ဗမာ့တပ်မတော်ထဲမှာ ရှိတဲ့ စစ်သည်စစ်သားအားလုံးပေါ့နော်။ ”

တပ်တွင်း ဝါဒဖြန့်ချိရေး 

"နားပိတ်၊ မျက်စိပိတ် စနစ်ကို ကျင့်သုံးတဲ့သဘော၊ ဘာလို့လဲဆိုရင် ကျနော်တို့ မြေပြင်မှာ ဘာတွေဖြစ်နေလဲ၊ ပြည်သူတွေ ဘာတွေလိုအပ်နေလဲ  အဖြစ်မှန်၊ သတင်းမှန် ဒါတွေကို သူတို့က အမှားလို့ တွေးထင်မိအောင် သူတို့က အမှားစာရင်းသွင်းတယ်။ သွင်းပြီးတော့ သူတို့ဆီကနေပြီးတော့ လိမ်လည်ပြီးတော့ ဘယ်လိုပြောရမလဲ၊ နှစ်ဘက်ရိုက်ပေါ့နော်။ အဲလိုမျိုးအခြေအနေ ဒီဘက်က အမှန်ကို သူက အမှားဖြစ်အောင် ဖန်တီးလိုက်တယ်။ အမှားဖြစ်အောင် ဖန်တီးပြီးတော့ သူတို့ဆီကနေ သူတို့ ဖန်တီးလာတဲ့သတင်းအစအနတွေကို ပြည်သူလူထုတပ်တွင်းမှာရှိတဲ့ စစ်သည်မိသားစုတွေကို ဒါ အမှန်ဆိုပြီးဒီလိုမျိုး ချပြတယ်။ ဒီဟာကိုပဲ ယုံ၊ ဒီဟာကိုပဲ လိုက်နာ။ အပြင်လောကမှာရှိတဲ့အရာတွေက အမှားတွေ၊ ဒီလိုမျိုးအခြေအနေပဲ ရိုက်သွင်းထားတယ်။ အဲဒီအတွက် တချို့တွေကတော့လည်း ကိုယ့်ကိုယ်ပိုင်ဖုန်းတွေသုံးနေကြတယ်။ တချို့တွေတော့ အမှန်သိတဲ့လူတွေလည်း အများကြီးရှိပါတယ်။ အဖြစ်မှန်ပေါ့နော်။ သမိုင်းဆိုကတည်းက ကျနော်တို့တွေဟာ စတင်ပြီးတော့ ၁၉၆၀ နောက်ပိုင်း အာဏာသိမ်းပြီးနောက်ပိုင်း အခုချိန်ထိ သမိုင်းအမှန်ဆိုရင်မသိကြဘူး။ ကျနော်ဆိုရင် သမိုင်းကျောင်းသားတယောက်အနေနဲ့ သမိုင်းအမှန်ကို တခါမှ မသိခဲ့ရဘူး။ သမိုင်းစာအုပ်ထဲမှာ သင်တဲ့အရာသည် အရိပ်အမြွက်လေးပဲ၊ အရိပ်အမြွက်လေးပဲသင်ခိုင်းတယ်။ သမိုင်းဆိုတာသည် စစ်သူကြီး နပိုလီယန်စာအုပ်ထဲမှာ ပြောတာပဲ သမိုင်းကို လူတွေမအအောင် သင်ပေးတယ်တဲ့။ သို့ပေမဲ့ ကျနော်တို့သင်တဲ့ သမိုင်းသည် အတုအယောင်ကြီးဖြစ်နေတယ်။ အပေါ်ယံလေးပဲဖြစ်နေတယ်။ သမိုင်းကနေ ရလာမယ့် အတွေးအခေါ်တွေ နိုင်ငံရေးအတွေးအခေါ်၊ စီးပွားရေးအတွေးအခေါ်၊ လူမှုရေးအတွေးအခေါ်၊ ဒီအတွေးအခေါ် မျိုးတွေကို သမိုင်းကနေ မရလာခဲ့ဘူး။ အဲလိုမျိုးစနစ်နဲ့မဟုတ်တဲ့ ပညာရေးစနစ်အားနည်းချက်လည်း ၁၉၆၀ နောက်ပိုင်း ဖြစ်လာတဲ့ ပညာရေးစနစ်ပြောင်းလဲခဲ့မှုတွေပေါ့နော်။ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်က၊”

CDM မလုပ်အောင်အကြောက်တရားနှင့် ထိန်းချုပ်

 “ အဓိက စစ်သားတွေ၊ စစ်သည်ရဲဘော်တွေ၊ အရာရှိတွေ တာဝန်ထမ်းဆောင်မှာကတည်းကိုက ဥပဒေအမျိုးမျိုးနဲ့ ထိန်းချုပ်ထားတယ်။ ဒီလောကကိုထွက်မလာအောင်၊ ဒါ့အပြင် အခု CDM လုပ်မယ်၊ ပြည်သူနဲ့ ပူးပေါင်းပါဝင်လာမယ်ဆိုရင် သူတို့ဘယ်လောက်ထိ တားဆီးလာလဲဆိုတော့ အခုဆိုရင် သက်သေပဲလေ။ ကျနော့်မိသားစုကို သူတို့ထိန်းချုပ်ထားပြီ။ ကျနော်ဒီပြည်သူဘက်ကို ပါဝင်မသွားအောင် ဒါသူတို့ရဲ့ အသုံးပြုတဲ့ နည်းစနစ်ပဲ။ ကျန်တဲ့စစ်သည်မှာလည်း မိသားစုဆိုတာ လူတိုင်းလူတိုင်းရဲ ပထမ ဦးစားပေးပဲလေ။ ဒီအခြေအနေကို သူတို့အသုံးချလာရင် ကျန်တဲ့စစ်သည်တွေရဲဘော်တွေလည်း ဒါကြောက်လာလိမ့်မယ်။ အဲတော့ ပါဝင်ရဲမှာမဟုတ်ဘူး။ သူတို့ပါဝင်တာနဲ့အမျှ သူတို့မိသားစုကို စစ်တပ်က ထိန်းသိမ်းလာမယ်၊ ဖမ်းချုပ်လာမယ်၊ ရိုက်နှက်မယ်၊ ညှဉ်းပမ်းနှိပ်စက်မယ်၊ သတ်ဖြတ်မယ် ဒါက သူတို့လုပ်ရမယ့် သူတို့နည်းလမ်းက သူတို့ဒီတိုင်းပဲ သွားမှာ။ ဒါကို စစ်တပ်ထဲမှာရှိနေတဲ့ စစ်သည်အားလုံးက သိနေတယ်။ အဲဒီအတွက် သူတို့က ကြောက်တယ်။ အဲဒီအတွက် သူတိုပါဝင်ဖို့က ခဲယဉ်းလိမ့်မယ်။ နောက်တဆင့်အနေနဲ့ ဘယ်လိုဖြစ်လာလဲဆိုတော့ တိုင်းရင်းသားတွေ၊ အခု ဖလမ်း၊ ဟားခါး၊ တီးတိန်မှာရှိတဲ့ တိုင်းရင်းသား ချင်းတွေကို သူတို့က ထိန်းချုပ်ဖို့ နည်းလမ်း ဘယ်လိုစတင်လာလဲဆိုရင် တိုင်းရင်းသားတွေကို ကတိဝန်ခံချက်လက်မှတ်တွေထိုးခိုင်းပြီးတော့ သူတို့ဆီမှာ အပြည့်အဝ စစ်တပ်ကနေ မထွက်ပြေးပါဘူးဆိုတဲ့ အခြေအနေမျိုးအထိ သူတိုဖန်တီးလာတယ်။ ဒါ သူတို့ရဲ့ တပ်တွင်းအင်အားကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ စနစ်ပေါ့။ CDM မလုပ်ရအောင် အကြောက်တရားနဲ့ ထိန်းချုပ်တဲ့ စနစ်၊ ဒီလိုတော့ တွေ့ရပါတယ်။ ”

“ မထွက်နိုင်ဘူးဆိုတာ သူတို့မှာ ထွက်ပြေးဖို့အတွက်၊ ဘယ်ကနေထွက်ပြီး ဘယ်လမ်းကြောင်းက ဘယ်သူ့ကိုပူးပေါင်းပြီး ဘယ်သူ့ကိုအကူအညီတောင်းရမယ်ဆိုတာ သူတို့မှာမရှိဘူး။ အဆက်အသွယ်မရှိဘူးပေါ့။ အပြင်လောကနဲ့။ ဒီလိုအခြေအနေမျိုးရှိတယ်။ ပြီးရင်တဘက်က  မြေပြင်မှာတင် သူတို့မှာလည်း မြေပြင်သတင်းအမှန်ကို သူတို့က ဖုံးအုပ်ထားတာဖြစ်တဲ့အတွက် မြေပြင်သတင်းမှန်ကိုမသိဘူး။ ဘယ်လိုချိတ်ဆက်ပြီး၊ ဘယ်လိုသွားရမလဲ။ အဲလိုလမ်းကြောင်းတွေလည်းမသိဘူး။ အချိန်ပြည့် ၂၄ နာရီတာဝန် အပြည့်နဲ့ အခုချိန်သူတို့မှာ အင်အားမရှိတဲ့အတွက် အချိန်ပြည့် ၂၄ နာရီ တာဝန်ထမ်းဆောင်နေရတယ်။ ပင်ပန်းတယ်။ ဆင်းရဲတယ်။ အခုဟားခါးမှာဆိုရင်လည်း ကိုယ့်ကိုယ်ကို သတ်သေတာဆိုရင် ၃ ကြိမ်ရှိပြီပေါ့နော်။ ၃ ယောက်မြောက်ရှိပြီ။ ပင်ပန်းမှုဒဏ်ကို မခံနိုင်တော့တဲ့အတွက် သူ့ထွက်ပေါက်နဲ့ ကိုယ့်ရဲ့ တဖက်ကနေ တာဝန်ထမ်းဆောင်တာဖြစ်တဲ့အတွက် ပင်ပန်းတာရယ်၊ စိတ်ဆင်းရဲတာရယ်၊ အခက်အခဲတွေ ဒုက္ခတွေ ကြုံလာတယ်။ နောက်အပြင် မိမိ မိသားစုမှာလည်း အခက်အခဲတွေ ထပ်ကြုံလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ထွက်ပေါက်ရှာပြီး ကိုယ့်ကိုယ်ကိုယ် လုပ်ကြံတာလည်းရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလည်း အဲလိုအခြေအနေလည်းရှိတယ်။ နောက် CDM လုပ်ဖို့ အဓိက အချက်ကတော့ သူတို့ စစ်သည်ကိုယ်တိုင်ကိုယ်ကအစ ဖြစ်ချင်တဲ့ဆန္ဒ၊ ဒီအပြင်လောကမှာရှိတဲ့ အာဏာရှင်စနစ်ကို တော်လှန်လိုတဲ့စိတ် အပြည့်အဝရှိဖို့လိုတယ်။ ဒါဆိုရင်တော့ ဘယ်လိုအခြေအနေပဲ ရင်ဆိုင်ရဲရမယ်။ ဒီလိုမရင်ဆိုင်ရဲဘူး တွန့်ဆုတ်နေမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်ကအစ ဖြောင့်မတ်ခြင်းတရားကို မကျင့်ကြံလိုပဲ ကျနော်ယုံကြည်တယ်။ ”

ပြည်သူအပေါ် ရက်စက်သည့်  ဘုရားမရှိ၊ တရားမရှိအဖွဲ့အစည်း

ဖြေ။ “ အရက်စက်ဆုံး၊ ကျနော်မခံမရပ်နိုင်ဆုံးအရာက ဘာလဲဆိုရင်တော့ ကျနော်တို့ဟားခါးမှာ ပြည်သူနှစ်ယောက် ဖမ်းလာတယ်။ နေ့တိုင်းနေ့တိုင်းတော့ သူတို့ဖမ်းဆီးနေကျပါ။ နှစ်ယောက်ကတော့ သူတို့ ရိုက်ရင်းနဲ့ သေသွားတယ်။ သေနေတဲ့အလောင်းကို ကိုယ်အချိန်နဲ့ ကားတွေစီစဉ်ပြီးတော့ ကလေးကို တိုက်ရိုက်ပို့တယ်။ ပို့ပြီးတော့ ကလေးမှာ ရင်ခွဲတယ်။ ပြီးရင် အလောင်းကို မီးရှို့တယ်။ ပြီးတော့ ရင်ခွဲစစ်ဆေးချက်ကို ဆရာဝန်တွေကို ဖန်တီးခိုင်းတယ်။ ဆရာဝန်တွေချိတ်ဆက်တဲ့ ဆရာဝန်တွေက မလုပ်ဘူး။ ဒါပေမဲ့ ဖိအားပေးပြီးတော့ လုပ်ခိုင်းတယ်။ ရင်ခွဲစစ်ဆေးချက်ကို ဘာရောဂါကြောင့်သေတယ်ဆိုတဲ့ ထွက်ဆိုချက်ကို ထွက်ဆိုခိုင်းပါတယ်။ ဒီလိုလုပ်ရပ်တွေကို ကျနော်မြင်နေတဲ့အတွက် ဒီမတရားမှုတွေကို ဘုရားကိုးကွယ်လျက်နဲ့ ဒီလို မတရား၊ အဓမ္မနည်းလည်းတွေနဲ့ ဒီလိုမျိုး ရက်စက်တဲ့ လုပ်ရပ်တွေကို လုပ်တဲ့အပေါ် ကျနော် ကိုယ့်ကိုယ်ကိုလည်း စိတ်မကောင်းဘူး။ ဒီလိုအခြေအနေမျိုးမှာ  သူတို့နဲ့အတူတူတာဝန်ထမ်းဆောင် အတူတူတာဝန်ထမ်းဆောင်ဖို့အတွက် ခွန်အားမရှိနိုင်တော့ဘူး။ စိတ်ပျက်လာတာပေါ့နော်။ သူတို့နဲ့အတူတူနေဖို့က ဘုရားမရှိ၊ တရားမရှိတဲ့အဖွဲ့အစည်းနဲ့ ကျနော်အတူတူနေဖို့အတွက်က ဘယ်လိုမှ မခံနိုင်တော့ဘူး။ ”

လက်တွဲညီညီ၊ စည်းလုံးညီ

“ ကျနော်အရေးကြီးဆုံး တော်လှန်ရေးတပ်ဖွဲ့စုကြီးကိုမှာချင်တာကတော့ လုံးဝလုံးဝ ဘာအလုပ်ပဲဖြစ်ဖြစ် အကောင်းမြင်ဝါဒထားပြီး ကောင်းသောအကျင့်တရား၊ ဖြောင့်မတ်သောတရားနဲ့ ကျင့်ကြံပြီး နေထိုင်သွားဖို့ကို မှာကြားချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အာဏာရှင်ကို တော်လှန်နေတာဖြစ်တဲ့အတွက် အာဏာရှင်စနစ်နဲ့တူတဲ့ အကျင့်စရိုက်ကို ဖယ်ရှားပြီး ကိုယ်တိုင်အာဏာရှင်မဖြစ်အောင် အဓိကပထမဆုံး တိုက်တွန်းချင်တယ်။ ဒီဟာ အဓိက ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ အဓိက အချက်ပဲ။ ပြီးရင် တိုင်းရင်းသားအားလုံး လက်နက်ကိုင်တပ်ဖွဲ့တွေရော NGOs အဖွဲ့အစည်းတွေရော လူမှုအသင်းအဖွဲ့အစည်းအားလုံးပေါ့နော် ကျနော်တို့ လက်တွဲညီညီနဲ့၊ စည်းလုံးညီညီနဲ့ ဗမာ့စစ်တပ်ရဲ့ နည်းပရိယာယ်အောက်မှာ ထောက်ချောက်မမိဘဲနဲ့ စည်းလုံးဖို့ တိုက်တွန်းလိုတယ်။ မတိုက်ခင်ကတည်းကိုယ်က စည်းလုံးရုံနဲ့တင် သူတို့ကို ကျနော်တို့က အနိုင်ယူပြီးသားဖြစ်နေတယ်။ ဒါကိုလည်း ကျနော်တို့ သိဖို့ အားလုံးအားလုံး  တိုင်းရင်းသားခေါင်းဆောင်တွေရော ကျနော်အနူးအညွတ်တောင်းဆိုတယ်။ အားလုံးစည်းလုံးဖို့။ ”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024