စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်တွေလိုက်ပါလာတဲ့ ယာဉ် ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရသလို ပြီးခဲ့တဲ့ရက်ကလည်း တကောင်းနီကယ်လမ်းမကြီးဘက်ရှိ ကျေးရွာတရွာ အနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးသွားပါတယ်။
အောက်တိုဘာ ၁၇ ရက် ညက သပိတ်ကျင်းဘက်မှ အိမ်စီးကားတွေနဲ့ တက်လာတဲ့ စစ်ကောင်စီဝင်တွေကို လမ်းမှဆီးကြို တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်ရှိသူ တဦးနဲ့ တပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်တဲ့နားမှာ စစ်ကောင်စီတပ်က အလောင်းတချို့ကို မိုးကာစနဲ့ ဖုံးအုပ်ထားတာ တွေ့ခဲ့ရပြီး လမ်းမှာ လုံခြုံရေး တင်းကျပ် စစ်ဆေးနေတယ်လို့ ခရီးသွားတဦးကပြောပါတယ်။
ဒေသခံတဦးက “ည ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ကြားရတယ်။ အပြန်အလှန် ပစ်ခတ်နေကြတာ။ နာရီဝက်လောက်တော့ ကြာတယ်။ ပစ်ခတ်နေကြတာ။ စစ်ကောင်စီဝင်တွေ စီးလာတဲ့ကားတွေ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက် ဒီနေ့ နေ့လယ် ၁ နာရီ မိနစ် ၄၀ လောက်မှာလည်း ထီးချိုင့်မြို့နယ် ထီးချိုင့်-အင်းတော်ကားလမ်းဘေး မြောက်ပြင်ဘက်မှာ စစ်အုပ်စုလိုက်ပါလာတဲ့ ၆ ဘီးကားနှစ်စီးကို ထီးချိုင့် PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။
“ကုန်တင်ကားနဲ့ မိုးကာအုပ်ပြီး လာတာ၊ PDFက သတင်းရတော့ မိုင်းဆွဲချလိုက်တာ နောက်ကားတော်တော် ထိသွားပြီး မောင်းပြေးသွားတယ်၊ ဒဏ်ရာရသူတွေအများကြီး ရှိပါတယ်”လို့ ထီးချိုင့်တော်လှန်ရေးအဖွဲ့ (TR) ကသတင်းထုတ်ပြန်ပါတယ်။
ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီဘက်ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အလင်းဝင်ရောက်လာသူ ၂၂ ဦးရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။