ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာမှာ နေတဲ့ ကျောင်းအုပ်ဆရာမ လင်မယားဟာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီခွဲဝန်းကျင်က နေအိမ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရတဲ့ လင်မယားဟာ ကျောင်းအုပ်ဆရာမ ဒေါ်သက်သက်ခိုင်နဲ့ ခင်ပွန်းဖြစ်တဲ့ ဦးမောင်ဦး တို့ဖြစ်ပြီး ကျောင်းအုပ်ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ Non CDM ပညာရေးဝန်ထမ်းတဦး ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ညက သူတို့နေအိမ်မှာဘဲ ပစ်သတ်ခံရတာ။ ဆိုင်ကယ်နဲ့ လာပစ်သွားတာတဲ့။ သူတို့မှာ ၅ နှစ်အရွယ် သမီး ၁ ယောက်တော့ရှိတယ်။ အဲဒီကလေးကတော့ ဘယ်လိုဖြစ်တယ် မသိဘူး” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ ဦးမောင်ဦးနဲ့ ဒေါ်သက်သက်ခိုင်တို့ရဲ့ ၅ နှစ်အရွယ် သမီးတဦးပါ အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပြပေမဲ့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။
“အဲဒီကျောင်းအုပ်က သူ့ကျောင်းက CDM ဝင်တဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်။ ကျောင်းသားတွေကိုလည်း စစ်ကျွန်ပညာရေးမှာ ကျောင်းတက်ဖို့ ဖိအားပေးနေတယ်။ PDF တွေရဲ့ သတင်းတွေစုံစမ်းပြီးတော့လည်း စစ်ကောင်စီကို သတင်းပေးနေသူဖြစ်လို့ ဒလန်ရဲ့မိသားစုလိုက် ရှင်းလိုက်တာပါ” လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (YPDF) က တာဝန်ခံက အတည်ပြုပြောပြပါတယ်။
YPDF ဟာ ရေတာရှည်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကိုလည်း အောက်တိုဘာ ၃၀ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့နဲ့ ရာထူးကနေ မနုတ်ထွက်သူနဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို တာဝန်မယူကြောင်း ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။