မန္တလေးတိုင်း၊ မိုးကုတ်မြို့က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (Rescue) ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဖမ်းဆီးထောင်ချခံရပြီးနောက် ကျန်းမာရေးအခြေအနေ ဆိုးတာကြောင့် ဆေးရုံ မကြာခဏတက်နေရပြီး အောက်တိုဘာ ၁၉ မှာတော့ ပြန်လွတ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
“သူက အရင်ကတည်းက နှလုံးခွဲထားရတာ။ နှလုံးရောဂါအခံ ရှိတယ်။ ထောင်ကျနေတုန်းကလည်း ဆေးရုံ နှစ်ခါ တက်ရတယ်၊ ဆရာဝန်က ဆေးရုံတင်မှရမယ်ပြောလို့ ဆေးရုံတင်ထားရတယ်။ ခုလည်း ဆေးရုံမှာ လွတ်တဲ့ထဲသူ ပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဦးအောင်ကျော်မိုးကို ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးပြီး အခုချိန်ထိ ဦးအောင်ကျော်မိုးက ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။
“အုပ်ကြီးကတော့ ဆေးရုံမှာ၊ ဒီမနက် အိမ်ကလူတွေကို စခန်းက အထုပ်လာသိမ်းခိုင်းတယ်။ ဆေးရုံမှာ ဒီနေ့ ဆင်းမှာထင်တယ်။ နေ့လယ် ဆေးရုံကနေ ပြန်လာမယ်လို့ ကြားတယ်။ ခုအိမ်မှာ တရော်ကင်ပွန်းလုပ်ပေးသူတွေကော ဧည့်သည်တွေကော ရောက်နေကြတယ်” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဦးအောင်ကျော်မိုးက အရင်ကတည်းက နှလုံးခွဲထားရပြီး ရောဂါအခံရှိသူဖြစ်ကာ စစ်ကောင်စီက မေ ၂ ရက်နေ့မှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ဦးအောင်ကျော်မိုးကို မိုးကုတ်မြို့ အောက်အချုပ်ထောင်မှာ ၆ လကြာ ဖမ်းဆီးထားခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ လွှတ်ပေးခဲ့တာဖြစ်ပြီး မိုးကုတ်ထောင်ကနေ တခြား လွတ်လာသူမရှိသေးဘူးလို့ သိရပါတယ်။