တာဂျစ်ကစ္စတန်နှင့် အာဖဂန်နယ်စပ်တွင် ရုရှားဦးဆောင်သည့် CSTO အဖွဲ့ စစ်ရေးလေ့ကျင့်

ရုရှားခေါင်းဆောင်တဲ့ ဆိုဗီယက်ခေတ်နှောင်း လုံခြုံရေးမဟာမိတ်အဖွဲ့ (CSTO) ဟာ အောက်တိုဘာ ၁၈ ရက်က တာဂျစ်ကစ္စတန်နဲ့ အာဖဂန်နစ္စတန်နှစ်နိုင်ငံ နယ်စပ်နားမှာ အကြီးဆုံးစစ်ရေး လေ့ကျင့်နေပါတယ်။
အာဖဂန်ကို သိမ်းပိုက်ထားတဲ့ တာလီဘန် ခေါင်းဆောင်တွေနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေကြား ဆွေးနွေးပွဲတွေမတိုင်ခင် နယ်စပ်ဖြတ်ကျော် တင်းမာမှု မြင့်မားနေချိန်မှာ ခုလို စစ်ရေးလေ့ကျင့်တာပါ။
CSTO က စီစဉ်တဲ့ စစ်ရေးလေ့ကျင့်မှုထဲမှာ စစ်သည်အင်အား ၅၀၀၀ ကျော်ပါပြီး တဝက်ကျော်က ရုရှားစစ်သည်တွေလို့ ရုရှားနဲ့ တာဂျစ်ကစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနတွေက ပြောပါတယ်။
သြဂုတ်နဲ့ စက်တင်ဘာလတွေထဲမှာ ရုရှားနဲ့ အလယ်အာရှ မဟာမိတ်တွေဟာ အာဖဂန်နယ်စပ်မှာ အသေးစား စစ်ရေးလေ့ကျင့်ခဲ့အပြီး အခုလို ခြောက်ရက်ကြာ စစ်ရေးလေ့ကျင့်ခဲ့တာပါ။
အာဖဂန်မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေဟာ တာလီဘန်တွေကို အသိအမှတ်ပြုပြီး ဆက်ဆံရေးတွေ စတင်တည်ဆောက်နေပါပြီ။ ဒါပေမဲ့ တာဂျစ်ကစ္စတန်နိုင်ငံကတော့ အစ္စလာမစ် လှုပ်ရှားမှုကို အသိအမှတ်ပြုဖို့ ငြင်းပြီး နယ်စပ် နှစ်ဘက်စလုံးမှာ တပ်တွေ အင်အားစုနေတယ် ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်နေပါတယ်။
တာလီဘန်အဆင့်မြင့် ကိုယ်စားလှယ်တဖွဲ့ဟာ ဒီသီတင်းပတ်ထဲမှာ ရုရှားမြို့တော် မော်စကိုဆီ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် တရုတ်၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အီရန်တို့ဆီသွားဖို့ ခရီးစဉ်လည်း ပါပါတယ်။
ရုရှားအကြီးတန်းအရာရှိတယောက်ကတော့ ဘယ်လို အောင်မြင်မှုကိုမှ မျှော်လင့်မထားဘူးလို့ ပြောကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။
အာဖဂန်ရဲ့ အခြေအနေ အပြောင်းအလဲနဲ့ ပတ်သက်လို့ တညီတညွတ်တည်း ရပ်တည်ရေးအတွက် ရုရှား၊ အမေရိကန်၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံက အရာရှိတွေဟာ အင်္ဂါနေ့မှာ မြို့တော် မော်စကိုမှာ သီးခြားစီ တွေ့ဆုံပြီး ဆွေးနွေးမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ အာဖဂန်ဆိုင်ရာ အထူးကိုယ်စားလှယ် ဇာမီယာကာဘူလာ့ဗ်က ပြောပါတယ်။