လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု ပြဿနာတွေကို ဟန့်တားထိန်းသိမ်း ရှင်းလင်းပေးဖို့ အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၈ ရက်က သီတင်းကျွတ်အခါသမယ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာမှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်နဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုသွားတာပါ။
“ကျွန်တော် တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter များ နှင့်အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်၊ ဒီ ၅ ချက်ထဲက ပထမအချက်ကအရေးအကြီးဆုံးဖြစ်ပါတယ်၊ အကြမ်းဖက်မှုများအမြန်ဆုံး ရပ်ဆိုင်းရန် နဲ့အားလုံးကထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အကြမ်းဖက် အဖွဲ့ လို့ထုတ်ပြန် ကြေညာ ထားတဲ့ CRPH နဲ့ NUG တို့ရဲ့လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင် ပတ်သက်မှု အားပေးမှုများ နဲ့အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်၊ ဒါကို ကျွန်တော်တို့ ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲဖြစ်ပါတယ်၊ သူတို့အကြမ်းဖက် လုယက် သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက် ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာမတွေ့ရပါဘူး၊ ကျွန်တော်တို့ကိုပဲ တောင်းဆို မှုတွေ ပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာ ဖြစ်ပါတယ်၊ ဒါကိုအာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ ကျွန်တော်ပြောလိုပါတယ်။” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါအပြင် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေရဆဲဖြစ်ပြီး အာဆီယံ ကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းမရနိုင်တာတွေရှိတဲ့ အကြောင်းနဲ့ ဘယ်လိုပဲ ဖြစ်ပါစေ မြန်မာအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လုံလောက်အောင် အကောင်အထည်ဖော်ခြင်းမရှိတဲ့အတွက် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အခုလကုန်ပိုင်း ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ပါတက်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်သူ တဦးကို ဖိတ်ကြားသွားဖို့ အောက်တိုဘာ ၁၅ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ထားပါတယ်။