ပခုက္ကူမြို့ရှောင်လမ်းပေါ်ဖြတ်သန်းသွားလာသူကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ပခုက္ကူမြို့မှာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ မိနစ် ၂၀  လောက်က မြို့ရှောင်လမ်းက မြို့ဝင်ဂိတ်အနီး ဖြတ်သန်းသွားလာသူကို စစ်ကောင်စီတပ်က ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ လမ်းဘေးအနီးဝန်းကျင် ဒေသခံတွေဆီက သိရပါတယ်။

ဂိတ်အနီး ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်စီးသွားတဲ့ အမျိုးသားကို သေနတ်နဲ့ အချက်ပေါင်းများစွာ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်ပြီး  သေနတ်ကျည်ဆန်  ထိမှန်ခြင်းရှိမရှိတော့ မသိရသေးဘူးလို့ လမ်းအနီးဝန်းကျင် မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ည ၈ နာရီမထွက်ရဆိုတာကို ထွက်လာလို့ နေမှာပေါ့၊ အချက်က ပစ်တာက ၆ ချက်လောက် ရှိတယ် လိုက်ပစ်တာ။ ပစ်တာကတော့ ဆက်တိုက်လိုက်ပစ်တာ အတွဲလိုက်ပစ်တာ၊ မှန်တော့ မမှန်ဘူး ထင်တယ်။ ဆိုင်ကယ်သမားကတော့ အတင်းမောင်းပြီးတော့ မြို့ထဲဝင်လာတာပဲ။ ဟိုတနေ့ကလည်း အဲဒီဂိတ်မှာပဲ ဗုံး နှစ်ခါပေါက်သေးတယ်။ အဲဒါကြောင့် အစောင့်တွေ ပိုချထားပုံရတယ်။ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ထားတာ အခုဟာက ၈ နာရီကျော်ပြီဆိုတော့ သူတို့က ပစ်တာထင်တယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ထားတဲ့အပြင် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ထားတာဖြစ်ပါတယ်။

ပခုက္ကူမြို့ရဲ့ မြို့ဝင် ၄ နေရာကို စစ်ကောင်စီတပ်တွေက ဂိတ်တွေနေရာချထားပြီး ညနေ ၄ နာရီကျော်မှသာ မြို့ထဲ အဝင်ခံတာဖြစ်ပါတယ်။ တစ်ရက်နဲ့ တစ်ရက် တူညီမှုမရှိဘဲ တချို့ရက်တွေမှာ ညနေ ၅ နာရီမှသာ မြို့ထဲ အဝင်ခံတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

More News
Up