တရုတ်စီးပွားရေး ယခုနှစ် တတိယ ၃ လပတ်တွင် အနှေးဆုံးအဆင့်ရောက်

တရုတ်စီးပွားရေးတိုးတက်မှုဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက် ပိတ်ဆို့မှု၊ အိမ်ခြံမြေဈေးကွက်က အကြီးစားပြိုလဲမှုတွေကြောင့် ဒီနှစ်ရဲ့ တတိယ ၃ လပတ်မှာ အနှေးဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။

စီးပွားရေး ပြန်နာလန်ထူဖို့ ပိုမိုလုပ်ဆောင်ရေး မူဝါဒရေးဆွဲသူတွေအပေါ် ဖိအားတွေ ပိုတိုး လာခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ ဇူလိုင်ကနေ စက်တင်ဘာ ကြား စုစုပေါင်း ပြည်တွင်းထုတ်ကုန် တိုးတက်မှု ၄  ဒသမ ၉ ရာခိုင်နှုန်း ရှိပြီး အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့လို့ ခန့်မှန်းချက်နဲ့ လွဲချော်ခဲ့ပါတယ်။

တိုးတက်မှု ကျဆင်းနေပေမဲ့ သူ့ပန်းတိုင်တွေဆီ ရောက်မယ်လို့ ယုံကြည်ကြောင်း အမျိုးသား စာရင်းအင်းဗျူရို ပြောခွင့်ရ ဖှုလင်းဟွေက သတင်းစာ ရှင်းလင်းပွဲမှာ တနင်္လာနေ့က ပြောခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်ဟာ အဲဗားဂရန်ဒီအုပ်စုရဲ့ အကြွေး၊ ကုန်စည် ဖြန့်ဖြူးမှု ကွင်းဆက် နှေးကွေးမှုနဲ့ ဆိုးဆိုးရွားရွား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ အပါအဝင် အကြီးစား စိန်ခေါ်မှု အတော်များများကို ရင်ဆိုင်နေ ရပါတယ်။

လျှပ်စစ်မီး ပြတ်တောက်လို့ စက်ရုံ ထွက်နှုန်းအား အနည်းဆုံး အဆင့်ကို ရောက်ခဲ့ရသလို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကိုလည်း ချထားရပါတယ်။

တရုတ် အိမ်ခြံမြေ အကြီးစား လုပ်ငန်းကြီး အဲဗားဂရန်ဒီအုပ်စုဟာ အကြွေး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ကို ရင်ဆိုင်နေရလို့ ပိုကျယ်တဲ့ စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မယ့် ဘေးတွေကို တကမ္ဘာလုံးက စိုးရိမ် နေကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up