ကွန်ဂိုတွင် ရွေးကောက်ပွဲကော်မရှင်အကြီးအကဲသစ်ကို ရွေးချယ်

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက လွှတ်တော်အမတ်တွေဟာ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲသစ်ကို အောက်တိုဘာ ၁၆ ရက်က ရွေးချယ်ခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင်တွေနဲ့ သမ္မတကို ထောက်ခံသူတွေကြား ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့တာကို ဖြေရှင်းဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့ သုံးခဲ့ရတဲ့အထိ ဆန္ဒပြနေတဲ့ကြားက ခုလို ရွေးချယ်ခဲ့တာပါ။

လွတ်လပ်တဲ့ အမျိုးသားရွေးကောက်ပွဲ ကော်မရှင် (CENI) ကို ဦးဆောင်ဖို့ ဒန်းနစ်စ် ခါဒီမာကို အမျိုးသားညီလာခံက ရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့် သမ္မတ ဖလက်စစ် တီရှီစေကေဒီကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ အငြင်းပွားစရာ မဲတွေအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံရေး အကဲခတ်တွေနဲ့ သံတမန်တွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

၂၀၂၃ ရွေးကောက်ပွဲမှာ သမ္မတက ဒုတိယသက်တမ်းအတွက် ဝင်ပြိုင်ဖို့ မျှော်လင့်ထားသလို  (CENI) ကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ဦးမယ့် အလားအလာ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

မဲလိမ်မှု စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ပေမယ့် (CENI) ဟာ တီရှီဆေကေဒီကို မဲနိုင်သူအဖြစ် ကြေညာခဲ့ပြီး သောင်ပြိုကမ်းပြို နိုင်ခဲ့တယ်လို့ ပြောတဲ့ အတိုက်အခံ ခေါင်းဆောင် မာတင် ဖာယူလူ ကတော့ ဒုတိယ နေရာကိုသာ ရခဲ့ပါတယ်။

စနေနေ့က ဖာယူလူကို ထောက်ခံသူ အယောက် တသောင်းလောက်ဟာ ကင်ရှာဆာ မြို့တော်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြပြီး နိုင်ငံရေးသမားတွေ သြဇာလွှမ်းနေတဲ့ (CENI) ရဲ့ အကြီးအကဲ ကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို စွပ်စွဲတာ အပါအဝင် အရေးကိစ္စ အတော်များများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

More News
Up