ဆူဒန်သမ္မတနန်းတော်ရှေ့ လူထောင်ချီ ဆန္ဒပြ

၂ နှစ်ကြာ အသွင်ကူးပြောင်းရေးကာလအတွင်း အကြီးဆုံးနိုင်ငံရေး အကြပ်ရိုက်မှုကြောင့် ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မ်က သမ္မတနန်းတော်ရှေ့မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေ အောက်တိုဘာ ၁၆ ရက်က စုရုံးခဲ့ကြပြီး စစ်တပ်က အာဏာသိမ်းဖို့ ဆန္ဒပြသူတွေက ဆော်သြခဲ့ကြပါတယ်။
ဖြုတ်ချခံ သမ္မတဟောင်း ဘတ်ရှီးယားကို ဆန့်ကျင်ပုန်ကန်ခဲ့တဲ့ လက်နက်ကိုင်အုပ်စုတွေ အပါ အဝင် စစ်တပ်နဲ့ မိတ်ဖက်ဖြစ်တဲ့ (FFC) ညွန့်ပေါင်းတပ်က စနေနေ့ ဆန္ဒပြပွဲကို ခေါ်ယူခဲ့တာပါ။
အရှေ့အာဖရိကနိုင်ငံ ဆူဒန်မှာ ကာလကြာရှည် အုပ်ချုပ်ခဲ့သူ သမ္မတ အိုမာအယ်လ်ဘတ်ရှီးယားကို ၂၀၁၉ မှာ ဖယ်ရှားအပြီး စစ်တပ်နဲ့ အရပ်သားတွေ အာဏာခွဲယူခဲ့တာပါ။
စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားမှု မအောင်မမြင်ဖြစ်အပြီး အရပ်သား အစိုးရ အဖွဲ့နဲ့ လွတ်လပ်ရေးနဲ့ အပြောင်းအလဲ ညွန့်ပေါင်းတပ် (FFC) တို့ကို ပြုပြင်ပြောင်းလဲဖို့ စစ်တပ် ခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။
စစ်တပ်ဟာ အာဏာခြေကုပ်ယူဖို့ ရည်မှန်းနေတယ်လို့ အရပ်သားခေါင်းဆောင်တွေက စွပ်စွဲခဲ့ ကြပါတယ်။
ဆန္ဒပြပွဲတွေ မတိုင်ခင်က အမည်မသိရတဲ့ လက်နက်ကိုင် အုပ်စုဝင်တွေက အစိုးရ အဆောက်အအုံ ပတ်လည်က လုံခြုံရေး အရံအတားတွေကို ဖယ်ပစ်ခဲ့ပြီး ရဲတွေ၊ လုံခြုံရေးတပ်တွေ အလုပ်သွားလို့ မရအောင် ဟန့်တားခဲ့တယ်လို့ ခါတွန်ပြည်နယ် အုပ်ချုပ်ရေးမှူး အိုင်မန်ခါလစ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဘတ်ရှီးယား အစိုးရလက်ထက်က ဘဏ္ဍာရေးယန္တရားတွေကို ဖြုတ်ချဖို့၊ စစ်တပ်ကို ပြန်ဖွဲ့စည်းဖို့နဲ့ တရားရေးကိစ္စတွေနဲ့ပတ်သက်ပြီး အငြင်းပွားတာဟာ စစ်တပ်နဲ့ အရပ်သားအစိုးရကြားက ပဋိပက္ခရဲ့ ရေသောက်မြစ်လို့ အကဲခတ်တွေက ပြောပါတယ်။
အကျပ်အတည်းကနေ ရုန်းထွက်ဖို့ လမ်းပြမြေပုံကို အရပ်သားအစိုးရအဖွဲ့ ဝန်ကြီးချုပ် အဘ်ဒါလာ ဟမ်းဒေါ့ခ်က အောက်တိုဘာ ၁၅ ရက်မှာ တင်ပြခဲ့ပြီး အဖြေမရှာရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ လေထဲ လွင့်သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
အရပ်သားအစိုးရကို လိုလားတဲ့ အုပ်စုကလည်း အောက်တိုဘာ ၂၁ ရက်မှာ ဆန္ဒပြကြဖို့ ဆော်သြ ထားပါတယ်။