ရှီးယိုက်ဗလီများတွင် လုံခြုံရေးတိုးမြှင့်ပေးမည်ဟု တာလီဘန်များ ကတိပြု

ရှီးယိုက်ဗလီတွေမှာ လုံခြုံရေးတိုးမြှင့်ပေးမယ်လို့ တာလီဘန် အာဏာပိုင်တွေက အောက်တိုဘာ ၁၆ ရက်မှာ ကတိပြုလိုက်ပါတယ်။

အိုင်အက်စ်စစ်သွေးကြွတွေက ကန်ဒဟာပြည်နယ်က ဖာတီမာဗလီကို အသေခံတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တဲ့ ဝတ်ပြုသူတွေကို နိုင်ငံတောင်ပိုင်း ကန်ဒဟာမြို့က စုပေါင်းဂူထဲမှာ မြှုပ်နှံဖို့ လူတွေရာချီ စုရုံးခဲ့ချိန်မှာ ခုလို ပြောလိုက်တာပါ။

သောကြာနေ့ဝတ်ပြုပွဲမှာ အသေခံဗုံးခွဲသမား အုပ်စုဟာ ဗလီထဲကို ပစ်ခတ် ဝင်ရောက်လာအပြီး ဝတ်ပြုသူတွေကြားမှာ သူတို့ကိုယ်သူတို့ ဖောက်ခွဲခဲ့တာပါ။ ဒီလုပ်ရပ်ကို သူတို့လုပ်တာလို့ တရားသေဝါဒီ ဆွန်နီမွတ်စလင် အိုင်အက်စ်စစ်သွေးကြွတွေက တာဝန်ခံကြေညာခဲ့ပါတယ်။

ကျန်းမာရေး အရာရှိတယောက်က “တိုက်ခိုက်မှုကြောင့် လူ ၄၁ ယောက် သေဆုံးပြီး လူ ၇၀ လောက် ဒဏ်ရာရတယ်။ သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်” လို့  ပြောပါတယ်။

ရှီးယိုက်ဗလီတွေကို ကာကွယ်ဖို့ စစ်တပ်တွေ တာဝန်ချထားမယ်လို့ ကန်ဒဟာပြည်နယ် ရဲမှူးက ပြောပါတယ်။

လောလောဆယ် ဗလီတွေကို လက်နက်ကိုင်ဖို့ အထူးခွင့်ပြုထားတဲ့ ဒေသခံ စေတနာ့ဝန်ထမ်း တပ်ဖွဲ့တွေက စောင့်ကြပ်နေပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်ပြီးတည်းက အိုင်အက်စ်စစ်သွေးကြွတွေဟာ တာလီဘန်တွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးအကြိမ် ဒါဇင်ချီ တိုက်ခိုက်ခဲ့လို့ အရပ်သားတွေပါ သေဆုံးခဲ့ပါတယ်။

More News
Up