စစ်ယာဉ်တန်းကို ကန့်ဘလူ PDF က ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ ယင်းမာပင်တွင် ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားတဲ့ အစီးရေ ၃၀ လောက်ရှိတဲ့ စစ်ယာဉ်တန်းကို အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ကန့်ဘလူ PDF နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး နေရာခွဲကာ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကောလင်းဘက်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ ကားတွေလို့ယူဆရတယ်။ ရွှေဘိုဘက်ကိုပြန်တဲ့ကားတွေပါ။ ညနေ ၃ နာရီကနေ ၅ နာရီကြားမှာ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ပြီး အမြန်ဆုတ်ခွာလာတဲ့အတွက် ထိခိုက်မှုအနေအထားကို မသိရသေးပါဘူး။ စစ်ယာဥ်တန်းနဲ့အတူ ကြိုးကြားလိုက်ပါလာတဲ့ အိမ်စီးကား‌တွေကြောင့် တိုက်ခိုက်ရေးအတွက် အနှောက်အယှက်ဖြစ်ရပါတယ်” လို့ PDF ပြန်ကြားရေးက ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကို ကန့်ဘလူ PDF၊ ကန့်ဘလူစွန်ရဲနဲ့အတူ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး ကန့်ဘလူမြို့နဲ့ စပယ်နံ့သာ ကြားမှာနှစ်ကြိမ်၊  စပါးနံ့သာနဲ့ ငှက်ပျောတိုင်းရွာကြား ရေရှင်ကြီးအလွန်မှာ တစ်ကြိမ်၊ စုစုပေါင်း ၂ နာရီအတွင်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အားလုံး ဘေးကင်းလုံခြုံကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှာလည်း အောက်တိုဘာ ၁၆ ရက် ည​နေပိုင်း ၄ နာရီဝန်းကျင်​လောက်က ဗုံး​ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံး​​ပေါက်ကွဲတဲ့​နေရာဟာ ​ယခင်​ဆေးရုံ​ဟောင်း​နေရာအနီးမှာဖြစ်ပြီး ဗုံး​ပေါက်ကွဲမှု​ကြောင့် လျှပ်စစ်ပစ္စည်းအ​ရောင်းဆိုင်က အမျိုးသမီး  ၁ ဦး လန့်ဖြတ်​မေ့​​မျောပြီး ၁ ဦးက​ ဒဏ်ရာရရှိသွားတယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ ​

မေ့​မျောသွားတဲ့သူဟာ အချိန်ခဏအတွင်းမှာ သတိပြန်လည်ရရှိလာခဲ့ပြီး ဒဏ်ရာရသူက​တော့ ၃ ချက်ချုပ်လိုက်ရကာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။

​​ဗုံး​ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်သူ​တွေလုပ်​ဆောင်တယ်ဆိုတာမသိရ​သေးသလို ဘယ်အဖွဲ့အစည်းကမှလည်း ထုတ်ပြန်​ကြေညာထားခြင်း မရှိ​သေးပါဘူး။

More News
Up