Home
မြန်မာသတင်း
လားရှိုးမြို့တွင် လောင်းကစားရုံများကြောင့် ဒုစရိုက်မှု များပြားလာနေ
DVB
·
October 16, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေကြောင့် ခိုး၊ ဆိုး၊ နှိုက်နဲ့ လုယက်မှုနဲ့ ဒုစရိုက်မှုတွေ ပိုမိုများပြားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့ခံတစ်ဦးက “လားရှိုးရဲ့ ရပ်ကွက်တိုင်းမှာပဲ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးရောင်းတဲ့သူ‌တွေရှိတယ်။ တချို့နေရာတွေဆို ရဲကို လိုင်းကြေးပေးပြီး လောင်းကစားရုံတွေ ပေါ်တင်ဖွင့်ထားကြတယ်။ အဆိုးဆုံးက ငါးမန်းဂိမ်းရုံပဲ။ တချို့လောင်းကစားရှုံးတဲ့သူတွေက ရှိတာပေါင်နှံ့ပြီးဆော့တယ်။ ပေါင်စရာမရှိတော့ရင် ညစ်တွန်းတွန်းပြီး ဆိုင်ကယ်လုတာ ခိုးတာတွေ ဖြစ်လာတယ်။ လားရှိုးမှာ ဒုစရိုက်မှုမရှိတဲ့နေ့ဆိုတာ မရှိသလောက်ဘဲ။ ဆိုင်ကယ်လုမရမရင် ဈေးဆိုင်တွေ အိမ်တွေ ရှေ့မှာ ရေမြောင်းဖုံးထားတဲ့ သံဇကာ တောင်ခိုးတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ပေါ်မှာ လောင်းကစားရုံတွေကို ပေါ်ပေါ်တင်တင်နဲ့ မိုးလင်းပေါက်ဖွင့်လှစ်တဲ့ အခြေထိရှိနေတယ်လို့သိရပါတယ်။

“လားရှိုးက ဂိမ်းဆိုင်တွေက တရားဝင်ဖွင့်ခွင့်ရထားသလိုပဲ။ ရပ်ကွက် (၅)၊ (၄၃) လမ်းက ငမန်းလောင်း ကစားဆိုင်တခုဆို ညလုံးပေါက်ဖွင့်လို့  အနီးနားက ပြည်သူတွေ စိတ်ညစ်နေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့မှာ ည ၁၀ နာရီ နောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် လောင်းကစားရုံတွေမှာတော့ ညစဉ်လူစည်ကားနေပါတယ်။ ဒါ့အပြင် ငွေကြေးနဲ့ ကစားရတဲ့ အွန်လိုင်း‌လောင်ကစားကြောင့် လူငယ်အများစုမှာ စာရိတ္တပျက်စီးနေကြပါတယ်။

“အခုဆို ဖေ့စ်ဘွတ်ခ်မှာ ငွေကြေးနဲ့ ကစားရတဲ့ အွန်လိုင်း‌လောင်းကစားဂိမ်းစ်ကြော်ငြာတွေ အရမ်းများလာတယ်။ ဒါတွေကို လူငယ်တွေကြည့်ပြီး ကစားကြတယ်။ ရှုံးရင် မိဘဆီက ပိုက်ဆံတောင်းတယ်။ တောင်းမရတော့ ခိုးတာတွေဖြစ်လာတယ်။ လူမှုကွန်ရက်က လောင်းကစားကြော်ငြာတွေကို  တာဝန်ရှိသူတွေက ထိန်းချုပ်ဖို့လိုအပ်လာပြီ” လို့ မိဘတဦးက ပြောပါတယ်။

လားရှိုးမြို့က အမျိုးမျိုးသော လောင်းကစားဒိုင်တွေဟာ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေးအဆင့်ဆင့်က သက်ဆိုင်ရာတာဝန်ရှိသူတွေကို အပတ်စဉ်ကြေး၊ လစဉ်ကြေးပေးပြီး ဖွင့်လှစ်ကြတာဖြစ်တယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024