ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဟောင်း သေဆုံးမှု မိသားစုက အချက်အလက်တောင်းခံ

ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီးဟောင်း ရာအူးလ်အီဆာရာဗဒူရလ်မိသားစုဟာ အကျဉ်းထောင်ထဲမှာ ဗိုလ်ချုပ်သေဆုံးမှုရဲ့ အကြောင်းရင်းအမှန်ကို အောက်တိုဘာ ၁၅ ရက် သောကြာနေ့မှာ သတင်းအချက်အလက်တောင်းခံခဲ့ပါတယ်။ 

ဗိုလ်ချုပ်ဗဒူရလ်ဟာ ကိုဗစ်-၁၉နဲ့ဆက်နွှယ်တဲ့ နှလုံးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်သေဆုံးခဲ့တာလို့ ဗင်နီဇွဲလား ရှေ့နေချုပ်က အောက်တိုဘာလ ၁၂ ရက်မှာ ပြောပါတယ်။ 

ဗဒူရလ်ရဲ့မိသားစုဟာ ဗိုလ်ချုပ်အနေနဲ့  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမဆုံး ထိုးခံထားပြီးတာကို ကိုးကားပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ဆိုတာကို သံသယဖြစ်တယ်လို့ ဆိုပါတယ်။ 

ကာကွယ်ဆေးတွေဟာ ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပေမယ့် ကိုဗစ်-၁၉ ကြောင့် သေဆုံးခြင်းကိုတော့ မကာကွယ်နိုင်ပါဘူး။ 

၀န်ကြီးဟောင်းကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအားလုံး ပေးခဲ့တယ်လို့ ရှေ့နေချုပ် တာရပ်ခ်ဆပ်ဘ်က ပြောကြားခဲ့ပါတယ်။ 

မာဒူရိုကိုဖြုတ်ချဖို့ မအောင်မြင်လိုက်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး ၂၀၂၀ မေလက ကိုယ်တိုင်အဖမ်းခံခဲ့တဲ့ ကွယ်လွန်သူ ၀န်ကြီးဟောင်းရဲ့သားဖြစ်သူ ဟိုဆနားစ်ဗဒူရလ်  ကတော့ သူ့အဖေ ဗိုလ်ချုပ်ဟာ ဆေးကုသမှု မခံရဘူးလို့ ပြောပါတယ်။

ဗဒူရလ်ဟာ ဆိုရှယ်လစ်ပါတီနဲ့ အဆင်မပြေဖြစ်ပြီးနောက် ၂၀၀၉ ခုနှစ်မှာ အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်မှု စွပ်စွဲချက်နဲ့ နောက်ဆုံးတော့ သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားပြီး ၂၀၁၇ ခုနှစ်မှာ ထောင်ပြန်ကျခဲ့ပါတယ်။ 

ဝန်ကြီးဟောင်းကို ပြီးခဲ့တဲ့လက သူ့သားနဲ့အတူ မျှဝေနေထိုင်ရတဲ့ ဆီဘင်ထောက်လှမ်းရေးရဲ ရုံးခန်းတွေက အကျဉ်းခန်းတခုကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ဗဒူရလ်ကို အတိုက်အခံတွေက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ သူ့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လိုက်ကတည်းက သူ့ရဲ့သေဆုံးမှုအတွက် အစိုးရကို အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆွေမျိုးတွေဟာ အောက်တိုဘာလ ၁၅ ရက်က ကရာကာ့စ်မြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရုံး အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ တွေရဲ့ လူ့အခွင့်အရေးသေချာရရှိစေဖို့ အေဂျင်စီကိုတောင်းဆိုခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ အကျဉ်းသားတွေရဲ့အသက်နဲ့လုံခြုံမှုကို အာမခံချက်မပေးနိုင်မှာကို ကြောက်တယ်လို့ သူတို့က ပြောကြပါတယ်။ 

More News
Up