Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် လုပ်ငန်းယာယီရပ်ဆိုင်းသည့် ကုမ္ပဏီပေါင်း ၄ ဆအထိ မြင့်တက်လာ
DVB
·
October 16, 2021

စစ်အာဏာရှင်လက်ထက် ပြီးခဲ့တဲ့ ဇွန်လ၊ ဇူလိုင်နဲ့ သြဂုတ်လအတွင်းမှာ လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းရတဲ့ စီးပွားရေး လုပ်ငန်းအရေအတွက်ဟာ ၄ ဆအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်က နောက်ဆုံး ထုတ်ပြန်ထားတဲ့ COVID-19 Firm Survey Round - 8  စစ်တမ်းအရ သိရပါတယ်။ 

ရန်ကုန်ဇုန်၊ မန္တလေးဇုန်၊ ချင်းနဲ့ အပူအပိုင်းဇုန်၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ကန်းရိုးတန်းဒေသဇုန်၊ တောင်တန်းဒေသဇုန် ဆိုပြီး ဇုန် ၅ ခုခွဲပြီး ကုမ္ပဏီပေါင်း ၅၀၀ ကို စစ်တမ်းကောက်ခံခဲ့တာပါ။

ကုမ္ပဏီ ၅၀၀ မှာ ၁၅ ရာခိုင်နှုန်းက စိုက်ပျိုးရေးကဏ္ဍ၊ ၃၄ ရာခိုင်နှုန်းက ကုန်ထုတ်လုပ်ရေးကဏ္ဍ၊ ၁၇ ရာခိုင်နှုန်းက လက်လီကဏ္ဍ၊ ၃၄ ရာခိုင်နှုန်းက ဝန်ဆောင်မှုကဏ္ဍက ဖြစ်ပါတယ်။ 

အစီရင်ခံစာရဲ့အဓိက တွေ့ရှိချက်တွေအရာ စစ်တမ်းမှာ ပါဝင်တဲ့ ကုမ္ပဏီ စုစုပေါင်းရဲ့ ၉၃ ရာခိုင်နှုန်းက ကိုဗစ်−၁၉ တတိယလှိုင်းရဲ့ ဆိုးကျိုးသက်ရောက်မှုကို ခံစားခဲ့ရတယ်လို့ပါရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကနဲ့ ယှဉ်ရင် ကုမ္ပဏီ ၅ ခုမှာ ၄ ခုရဲ့ ရောင်းအားဟာ ကျဆင်းသွားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

စစ်တမ်းဖြေဆိုတဲ့ ကုမ္ပဏီစုစုပေါင်းရဲ့ တဝက်ကျော်ကျော် ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်းကျော်ကသာ ၎င်းတို့အနေနဲ့ နောက်လအထိ လုပ်ငန်း ဆက်လက်လည်ပတ်နိုင်မယ်လို့ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ 

ဒါဟာ ၂၀၂၀ ဒီဇင်ဘာ  စစ်တမ်းနဲ့ယှဉ်ပါက ကုမ္ပဏီ ၈၂ ရာခိုင်နှုန်းက သူတို့အနေနဲ့ နောက်လအထိ လုပ်ငန်း ဆက်လက်လည်ပတ်နိုင်မယ်လို့ ယုံကြည်ခဲ့တာဖြစ်ပြီး အခုအခါမှာ ၅၂ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

ဒါ့အပြင် ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းတွေ၊ ဝန်ထမ်းတွေဆီကို ငွေပေးချေမှုတွေ အချိန်မီ မပေးနိုင်တဲ့ ကုမ္ပဏီအရေအတွက်ကလည်း များပြားလာပြီး ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိခိုက်အားနည်းသွားတဲ့အပြင် ကိုဗစ် တတိယလှိုင်းကြောင့်လည်း ထိခိုက်ခဲ့ရတာကို စစ်တမ်းရဲ့ ရလဒ်တွေအရ ဖော်ပြနေပါတယ်။ 

စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းရဲ့ သက်ရောက်မှုဟာ ၂၀၂၀ ကိုဗစ်ဖြစ်ပွားမှုရဲ့ သက်ရောက်မှုတွေထက် ပိုမိုဆိုးရွားတယ်လို့ စစ်တမ်းကဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024