ဒရုန်းတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် အာဖဂန်အရပ်သားများအတွက် ကရုဏာကြေး အမေရိကန်ပေးမည်

အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ မဆုတ်ခွာခင် သြဂုတ်လတုန်းက အမေရိကန် ဒရုန်းလေယာဉ် တိုက်ခိုက်မှုမှာ သေဆုံးသွားရတဲ့ အရပ်သား ၁၀ ဦးရဲ့ မိသားစုတွေအတွက် ကရုဏာကြေးကို ပင်တဂွန်စစ်ဌာနချုပ်က ကမ်းလှမ်းခဲ့ပြီး ဘယ်လောက်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဟာ အသက်ဆုံးပါးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲ ကရုဏာကြေးကို ကမ်းလှမ်းခဲ့တဲ့အပြင် အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ဖို့ စိတ်ပါဝင်စားတဲ့ မိသားစု၀င်တွေကို ကူညီဖို့ အမေရိကန် နိုင်ခြားရေး၀န်ကြီးဌာနနဲ့အတူ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ဒီဒရုန်းတိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာမှု ပြီးစီးသွားတဲ့ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေကို မလွဲမသွေ ခြိမ်းခြောက်နေတဲ့ အိုင်အက်စ် အသေခံဗုံးခွဲသမားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ 

ထောက်လှမ်းရေးအားနည်းခြင်းဟာ အနာဂတ်အန္တရာယ်တွေနဲ့ပတ်သက်ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ မတည်ရှိနေဘဲ ခြိမ်းခြောက်မှုတွေကို ခြေရာခံနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေလည်း မြင့်တက်နေတာပါ။

အရပ်သား သေဆုံးမှု အတည်ပြုချက်ဟာ ရှုပ်ထွေးနေတဲ့ အမေရိကန် ဆုတ်ခွာမှုကို ဝေဖန်နေသူတွေအတွက် နောက်ထပ်လောင်စာတစ်ခု ဖြစ်စေပြီး သမ္မတဂျိုးဘိုင်ဒင် အစိုးရအတွက် အကြီးမားဆုံး နိုင်ငံခြားရေးမူဝါဒအကျပ်အတည်းကို ဖြစ်စေခဲ့ပါတယ်။ 

More News
Up