ချင်းမိုင်တွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်နေသည့်ကြားမှ အလည်အပတ်ဇုန်ဖွင့်ရန်ပြင်ဆင်

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်တည်ရှိရာ ချင်းမိုင်ခရိုင်မှာ ပြီးခဲ့တဲ့အပတ်က ကိုဗစ်-၁၉ တကြော့ပြန်ကူးစက်မှုမြင့်မားနေပြီး ခုတင် ၁၅၀၀ ဆံ့ ယာယီဆေးရုံပြန်ဖွင့်ရပေမယ့် တဘက်က လည်း အစိုးရရဲ့ခရီးသွားမြှင့်တင်ရေးလုပ်ငန်း ပြန်ဖွင့်မယ့်ပေါ်လစီအရ ကမ္ဘာလှည့်ခရီးသည်တွေ ကို ကြိုဆိုဖို့ အလည်အပတ်ဇုန်တွေ ပြင်ဆင်နေပါတယ်။
ချင်းမိုင်မှာ ကုန်စိမ်းနဲ့သားငါး လက်လီလက်က္ကားရောင်းချရာ အကြီးဆုံးဖြစ်တဲ့ မိန်းမိုင်နဲ့ စမွတ်ဈေးထဲမှာ ပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့က ကိုဗစ်-၁၉ ပိုးကူးစက်သူ ၈ ဦး စတွေ့ပြီးတဲ့နောက် ထိတွေ့ဆက်စပ်သူတွေကို ဆက်လက်စစ်ဆေးရာမှာ အောက်တို ၁၄ ရက်နေ့ထိ အဆိုပါဈေးနဲ့ဆက်စပ်တဲ့ လူနာပေါင်း ၆၆၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။
အဆိုပါဈေးကိုလည်း ၁၄ ရက်ပိတ်ထားပြီး ဈေးထဲကလူနဲ့ ထိတွေ့ဆက်စပ်သူတွေပါ ၁၄ ရက် အသွားအလာ ကန့်သတ်ခံထားရပါတယ်။
အောက်တိုဘာ ၁၅ မှာ ပိုးတွေ့လူနာသစ် ၂၇၉ ဦးရှိပြီး အဆိုပါ ကုန်စိမ်းနဲ့သားငါးဈေးဟာ ချင်းမိုင်ခရိုင်ရှိ မြို့နယ်အသီးသီးကနေ လာရောက်ဝယ်ယူပြီး တဆင့်ပြန်ရောင်းချတဲ့နေရာဖြစ်လို့ ကူးစက်သူတွေ ဒိထက်ပိုများလာနိုင်ကြောင်း၊ ဒါကြောင့် ယာယီဆေးရုံကြီးမှာ နောက်ထပ် ခုတင်ပေါင်း ၁၅၀၀ တိုးချဲ့ထားတယ်လို့ ချင်းမိုင်ခရိုင် ကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
တဘက်မှာတော့ အစိုးရရဲ့ နိုင်ငံ့တံခါးပြန်ဖွင့်မယ့်အစီအစဉ်အရ ချင်းမိုင်ဟာလည်း စီမံချက်ထဲပါတဲ့ ခရိုင်တစ်ခုဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်နေပါတယ်။
ခရိုင်ဝန်ဦးစီးတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ခရိုင်တံခါးဖွင့်မယ့်ကိစ္စနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပခဲ့ပါတယ်။
ခရိုင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားတယ်ဆိုပေမယ့် နေရာအချို့မှာပဲ ဖြစ်ပွားနေကြောင်း၊ ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ခရိုင်တစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းမျှသာ ကူးစက်မှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး အများဆုံးကူးစက်နေတဲ့ တလတ်မိန်းမိုင်ကုန်စိမ်းသားငါးဈေးမှာ ၁၄ ရက် ပိတ်ထာတာကြောင့် ၁၄ ရက်ပြီးရင် ကူးစက်မှုထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒါဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ပြန်ကြိုမယ့် နိုဝင်ဘာ ၁ ရက်နေ့နဲ့ အကိုက်ပါပဲလို့ ချင်းမိုင်ခရိုင်ဝန် နိုင်းပ ရကျွန်းပရာ့ချ်စကွန်းက အစည်းအဝေးမှာ ပြောပါတယ်။
ခရိုင်ထဲမှာ မူလက လည်ပတ်သွားလာနိုင်တဲ့ အပြာရောင်ဇုန် ချင်းမိုင်၊ မဲ့လိမ်း၊ မြို့ထဲနဲ့ ဒွိုင်တောဝ် စတဲ့ မြို့နယ် ၄ ခုသာ သတ်မှတ်ထားပေမယ့် ၂၅ မြို့နယ်စလုံးကို အလည်ပတ်ဇုန် ဖွင့်လှစ်နိုင်မှာဖြစ်ကြောင်း၊ ရွာပေါင်း ၂၀၀၀ ကျော်ရှိတဲ့အနက် ၁၀၀၀ လောက်မှာသာ ကူးစက်မှု ရှိတာမို့ ဇုန်အလိုက်ထပ်ခွဲပြီး ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ခွင့်ပြုမယ်လို့ ခရိုင်ဝန်က ပြော သွားပါတယ်။
ချင်းမိုင်ခရိုင်မှာ အောက်တိုဘာ ၁၅ ရက်ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်း ၁၁၀၇၆ ဦးရှိပြီး ၈၈၃၇ ဦးသက်သာလို့ ဆေးရုံဆင်းကာ သေဆုံးသူ ၄၃ ဦးရှိပါတယ်။
ချင်းမိုင်ခရိုင်တံခါးဖွင့်ဖို့ ပြင်ဆင်နေသလို ထိုင်းနိုင်ငံရှိ ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်ထားတဲ့ ခရိုင်တွေထဲက နိုင်ငံခြားခရီးသွားတွေ လက်ခံမယ့် ခရိုင် ၁၅ ခုကို ညမထွက်ရအချိန်တွေ ဖြေလျော့ပေးလိုက်ကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ စီမံကွပ်ကဲရေးဗဟိုကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။
အဆိုပါခရိုင် ၁၅ ခုထဲမှာ ဘန်ကောက်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ ကရပီ၊ ဖန်င၊ ပရကျူတ်ခီရီခန်၊ ရနောင်း၊ ဘူရီရမ်၊ နောင်ခိုင်၊ တရန်း၊ လယောင်း၊ လွေး၊ ဥဒွန်းဌာနီ၊ ဖစ်ချဘူရီ နဲ့ ချွန်းပူးရီးတို့ပါဝင်ပြီး ညမထွက်ရအချိန်ကို ည ၁၁ နာရီမှ မနက် ၃ နာရီထိ ဖြေလျော့ပေးလိုက်တာ ဖြစ်ပါတယ်။