မအူပင်မြို့မရဲစခန်းဝင်းထဲ ဗုံး ၃ လုံးပေါက်ကွဲ၊ ညမထွက်ရအမိန့်ထုတ်ပြန်

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့ညပိုင်းက လုံခြုံရေးတင်းကျပ်ထားတဲ့ မြို့မ ရဲစခန်းဝင်းထဲ ဗုံး ၃ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၄ ရပ်ကွက်၊ အောင်ဇေယျလမ်းမှာရှိတဲ့ မြို့မရဲစခန်းဝင်းရဲ့ ဝန်ထမ်းအိမ်ရာ အနောက်ထောင့်မှာ ည ၆ နာရီ ၄၀ လောက်က ဗုံးစတင်ပေါက်ကွဲခဲ့ပြီး ည ၇ နာရီခွဲလောက်မှာ ဗုံး ၂ လုံး ထပ်မံပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုက တာဝန်ရှိသူတဦးက “ကျနော်တို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုနဲ့ မအူပင်မြို့ပြပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းပြီးလုပ်တာပါ။ အားလုံး ၃ လုံးထောင်ထားတာ။ နောက်လည်း စစ်အုပ်စုရဲ့ ထောက်တိုင်နေရာတွေကို တိုက်ခိုက်သွားမှာပါ” လို့ ပြောပါတယ်။
သံဆူးကြိုးဘယ်ရီဂိတ်တွေနဲ့ အထပ်ထပ်လုံခြုံရေးတင်းကျပ်ထားတဲ့ ရဲစခန်းဝင်းရဲ့ လိုင်းခန်းထောင့်မှာ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပေမယ့် သေဆုံးထိခိုက် ဒဏ်ရာရရှိတာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရဲစခန်းဝင်းထဲ ဗုံး ၃ လုံးပေါက်ကွဲပြီးတဲ့နောက် မအူပင်မြို့မှာ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
မအူပင်မြို့မှာ တညတည်း ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲခဲ့သလို အောက်တိုဘာ ၂ ပတ်အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။