ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၉ သိန်းကျော်၊ မြန်မာတွင် ၁၈၀၀၀ ကျော် သေဆုံး

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၄၉ သိန်း ကျော်ရှိလာခဲ့ပြီး သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံထိ ရှိလာနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၂၄၀ ဒသမ ၅၂ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၂၁၇ ဒသမ ၈၁ သန်းကျော် ရှိနေတာပါ။

သိန်းချီသေဆုံးမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၇ သိန်း ၄ သောင်းကျော်၊ ကူးစက်ခံရသူ ၄၅ ဒသမ ၆၃ သန်းကျော်နဲ့ ထိပ်ဆုံးမှာရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၆ သိန်းကျော်၊ ကူးစက်ခံရသူ ၂၁ ဒသမ ၆၁ သန်း ကျော်နဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက သေဆုံးသူ ၄ သိန်းခွဲကျော်၊ ကူးစက်ခံရသူ ၃၄ သန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကိုနဲ့ ရုရှားနိုင်ငံတွေက သေဆုံးသူ ၂ သိန်းကျော်၊ ပီရူးနိုင်ငံက ၂ သိန်းနီးပါး၊ အင်ဒိုနီးရှား၊ ယူကေ၊ အီတလီ၊ ကိုလံဘီယာ၊ အီရန်၊ ပြင်သစ်နဲ့ အာဂျင်တီးနားနိုင်ငံတွေက ၁ သိန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၆ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ရှိနေပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါ သန်းချီကူးစက်ပြန့်ပွားမှု အ မြင့်ဆုံး နိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနိုင်ငံတွေက အစဉ်လိုက် ရပ်တည်နေတာ ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၄ သိန်း ၈ သောင်းကျော်၊ သေဆုံးသူ ၁၈,၀၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအများဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၂၁,၀၀၀ ကျော် ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သိန်း ၁  သောင်းကျော်နဲ့ သေဆုံးသူ ၂,၆၀၀ ကျော်ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၁ သိန်း ၃ သောင်းကျော်နဲ့ သေဆုံးသူအရေအတွက် ၂၀၇ ယောက်ရှိနေပါတယ်။

ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁ သောင်းကျော်နဲ့ သေဆုံးသူအရေအတွက် ၆၈ ယောက် ရှိနေပြီး လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၆ ယောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up