မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အခုလကုန်ပိုင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံတွေက ဆုံးဖြတ်လိုက်တဲ့အကြောင်း NHK ဂျပန်သတင်းမှာဖော်ပြပါတယ် ။
ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ၂ နာရီကြာကျင်းပတဲ့ အာဆီယံနိုင်ငံခြားဝန်ကြီးများ အွန်လိုင်းဆွေး နွေးပွဲကနေ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတရားဝင်ကြေညာခြင်းတော့မရှိသေးပါဘူး။
ဒီနေ့အထူးအစည်းအဝေးပွဲ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လက်ရှိအလှည့်ကျအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက အောက်တိုဘာ ၁၆ ရက် မနက်ဖန်မှာ တရားဝင် ကြေညာချက်ထုတ်ပြန်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူတစ်ယောက်နဲ့ ဒေသတွင်း သံတမန် တယောက်ရဲဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို အခု အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ခြင်းမရှိတဲ့ စစ်ကောင်စီခေါင်းဆောင်ကို အစည်းအဝေးပေးမတက်ဖို့ အာဆီယံ နိုင်ငံရဲ့ ဝန်ကြီးတွေက အစကတည်းက ပြောကြားထားတာဖြစ်ပါတယ်။
ကုလသမဂ္ဂအကြီးအကဲ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း အောက်တိုဘာ ၁၅ ရက် ဒီနေ့ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ virtual အွန်လိုင်းအစည်းအဝေးကို ရွှေ့ဆိုင်းဖို့ နောက်ဆုံးမိနစ်မှာ တောင်းဆိုခဲ့ပါတယ်။