အာဆီယံအထူးသံတမန်၏ မြန်မာပြည်ခရီးစဉ် အဆင်ပြေအောင်ဆောင်ရွက်ပေးရန် စစ်တပ်ကို ဗြိတိန်နှင့် မဟာမိတ်များ တိုက်တွန်း

အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို ပုံမှန်လာရောက်ကြည့်ရှုရာမှာ အဆင်ပြေစေဖို့ စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းနဲ့ သူ တွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ် အားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်စေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ ဧရာဝဏ်ယူဆွတ်ဖ်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားပေးထောက်ခံ ပံ့ ပိုးကူညီရေးနဲ့ စပ်လျဉ်းပြီး  ယူကေအစိုးရနဲ့ နိုင်ငံတကာမိတ်ဖက်တွေ က အောက်တိုဘာ ၁၅ ရက် ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

မဟာမိတ်နိုင်ငံတွေထဲမှာ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ အရှေ့တီမော၊ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေ ပါဝင်ပါတယ်။ 

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးခံ ထားရသူတွေကို ပြန်လွှတ်ပေးရေးအပါအ၀င် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားရ မှာဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘေးကင်းလုံခြုံပြီး အဆီးအတားမရှိ  လက်လှမ်းမီရောက်ရှိစေဖို့လည်း ခွင့်ပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။

အလားတူ အီးယူ  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်း  မြန်မာစစ်တပ်အနေနဲ့  အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့နဲ့ သူတွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့  အောက်တိုဘာ ၁၃ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အာဆီယံအထူးသံတမန် ဧရာဝဏ်ယူဆွတ်ဖ် ဟာ မြန်မာနိုင်ငံကိုလာရောက်တဲ့အခါ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဘက်ပေါင်းစုံကလူတွေနဲ့  တွေ့ဆုံရဖို့ ကမ်းလှမ်းခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီက ငြင်းဆိုထားတဲ့ အတွက် ခရီးစဉ် အထမမြောက်ဘဲ ကြန့်ကြာနေပါတယ်။

အခုလနှောင်းပိုင်းမှာကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တက်ခွင့်မပြုဖို့ကိစ္စ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အရေးပေါ်အွန် လိုင်း အစည်းအဝေး ဒီနေ့ ကျင်းပဖို့ ရှိနေပါတယ်။

Photo-ASEAN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up