ချောင်းသာနှင့် ငွေဆောင်တွင် သတင်းကျွတ်ပိတ်ရက် ဟိုတယ်အခန်းအားလုံးနီးပါး ဘိုကင်ပြည့်နေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ  ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေတွေမှာ  လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက် ဧည့်သည်လာရောက်ဖို့ ဟိုတယ်ကြိုတင်အခန်းမှာယူထားတာ အခန်းအားလုံးကုန်လု နီးပါးဖြစ်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းကနေ စုံစမ်းသိရပါတယ်။

ချောင်းသာကမ်းခြေမှာတော့ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဒေသတွင်း ခရီးသွားဝင်ရောက်လည်ပတ်မှု ပြန်လည်များပြားလာတာဖြစ်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေဟာ ဧည့်သည်လာရောက်မှု အများဆုံးရက်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ချောင်းသာကမ်းခြေဒေသက ဟိုတယ်တွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးမှ ပြန်ဖွင့်တာဖြစ်သလို တစ်လတစ်ကြိမ် ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးတာတွေပြုလုပ်ပြီးမှ ဖွင့်လှစ်ရတာဖြစ်တယ်လို့ ချောင်းသာ ဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။

ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေတွေမှာရှိတဲ့ ဟိုတယ်တွေမှာ ခရီးသွားကာလ ပုံမှန်အခြေအနေမှာ အခန်းခဈေးတက်တာမရှိပေမယ့် သီတင်းကျွတ် တန်ဆောင်တိုင်စတဲ့ အခါကြီး နေ့ကြီးတွေမှာတော့ ပုံမှန်ထက် နှဆပိုပြီး အခန်းကဈေးတောင်းယူလေ့ရှိတယ်လို့ ဆိုပါတယ်။

ပွင့်လင်းရာသီရောက်လာတာနဲ့  နိုင်ငံတဝန်း ခရီးသွားလာမှု ပြန်လည်မြင့်တက်လာလေ့ ရှိပါတယ်။ 

တော်လှန်ရေးကာလ ခရီးသွားလာတာဟာ  စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတွက် အဟန့်အတားဖြစ်စေတယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။

စားဝတ်နေရေးအတွက် မဖြစ်မနေခရီးသွားရတာကလွဲပြီး တက်နိုင်ရင်မသွားလာဖို့အတွက် ပြောချင်တယ်လို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု တာဝန်ရှိသူ ဗိုလ်ဖြူလေးက  ပြောပါတယ်။

ဧရာဝတီတိုင်းက ကမ်းခြေတွေကို ကိုဗစ်ပထမလှိုင်းစတင်ဖြစ်ပွားချိန်ကတည်းက  ပိတ်ထားခဲ့တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၂ လအကြာမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကမ်းခြေတွေပိတ်ထားရတာကြာပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ပြန်ဖွင့်လှစ်ပေးတာမျိုးကို လက်ခံလို့ရပေမယ့် ပျော်ပွဲရွှင်ပွဲပုံစံ အစုလိုက် အပြုံလိုက် လာရောက်လည်ပတ်တာဟာ ကျန်းမာရေးအရရော ခေတ်ကာလအရပါ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up