မော်စကို Memorial လူ့အခွင့်အရေးအဖွဲ့ရုံးကို လူတစ်စုက ဝင်ရောက်နှောင့်ယှက်

ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့  Memorial လူ့အခွင့်အရေးအဖွဲ့ရဲ့ရုံးခန်းကို အောက်တိုဘာ ၁၄ ရက်နှောင်းပိုင်းက လူ ၂၀ လောက် ဝင်ရောက်လာပြီး ဆိုဗီယက်ယူကရိန်းနိုင်ငံမှာ ၁၉၃၀ ခုနှစ်တုန်း က အငတ်ဘေးအကြောင်း လူထုရုပ်ရှင်ပြသနေတာကို အနှောင့်အယှက်ဖြစ်စေတဲ့ အော်ဟစ် ဆူညံသံတွေနဲ့ ကြားဖြတ် ဟန့်တားနှောင့်ယှက်ခဲ့ပါတယ်။  

ပိုလန်ဒါရိုက်တာ Agnieszka Holland ရိုက်ကူးတဲ့ ၂၀၁၉ ခုနှစ် ရုပ်ရှင်ဖြစ်တဲ့ "Mr. Jones" ဇာတ်ကားကို Memorial ရုံးခန်းမှာပြသနေချိန်မှာ လူငယ် နှစ်ဒါဇင်လောက်ရှိတဲ့အဖွဲ့ဟာ အဆောက်အအုံထဲကို ချိုးဖျက်ဝင်ရောက်လာပြီး ဖန်သားပြင်နဲ့ပရိသတ်အကြားက နေရာကို ဝင်ယူ လိုက်ကြပြီး ရုပ်ရှင်ပြနေတာကိုလည်း အတင်းအကျပ် ရပ်ခိုင်းကြပါတယ်။

ပြနေတဲ့ရုပ်ရှင်ဟာ ၁၉၃၂ နဲ့ ၁၉၃၃ ခုနှစ်က ယူကရိန်းအငတ်ဘေးအကြောင်း ပထမဆုံး သတင်းရေးခဲ့တဲ့ Welsh သတင်းထောက် Gareth Jones ရဲ့ဇာတ်လမ်းကို ပြောပြနေတာပါ။

အငတ်ဘေးဟာ အရှေ့ဘက်မှာ မော်စကို ကျောထောက်နောက်ခံ ခွဲထွက်ရေးသူပုန်တွေကို စစ်တိုက်နေတဲ့ ယူကရိန်းနဲ့ ရုရှားအတွက် ဆတ်ဆတ်ထိမခံတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

ယူကရိန်းဟာ သူ့ပြည်သူတွေအပေါ် အစာရေစာငတ်မွတ်ခေါင်းပါးစေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အဖြစ်ကြေညာခဲ့ပြီး အဲဒီစွဲချက်ကို ရုရှားက ငြင်းဆိုခဲ့ပါတယ်။ 

ကရင်မလင်နန်းတော်ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မကြာခဏဝေဖန်ခဲ့ပြီး အစိုးရရဲ့ နိုင်ငံခြားအေးဂျင့်အဖြစ် တံဆိပ်ကပ်ခံရတဲ့ Memorial ရုံးခန်းတိုက်ခိုက်ခံရမှုဟာ အခုနှစ်အစော ပိုင်းက လမ်းပေါ်ဆန္ဒပြပွဲတွေအပြီး တက်ကြွလှုပ်ရှားသူတွေ ဖြိုခွင်းခံရချိန်မှာ ဖြစ်ပွားခဲ့တာပါ။

Memorial ရုံးခန်းက ဝန်ထမ်းတယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ လာတားဆီးတဲ့အထဲက လူ ၁ ယောက်ဟာ ပရိသတ်တွေကို ရုပ်ရှင်ပြတာ ပြီးသွားပြီ ပြန်တော့ ဆိုပြီး မောင်းထုတ်ကြပါတယ်။ 

အဲ့ဒီလူတွေဟာ ရဲတွေရောက်မလာခင်မှာ ခပ်မြန်မြန်ထွက်သွားကြပြီး အဖွဲ့အစည်းရဲ့ စီမံအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ Memorial ပြောရေးဆိုခွင့်ရှိသူ Natalya Petrova ကပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up