လက်ဘနွန်မြို့တော် ဘေရွတ်တွင် ပစ်ခတ်မှုဖြစ်ပြီး ၆ ဦး သေဆုံး

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ အောက်တိုဘာ ၁၄ ရက်နေ့က ပစ်ခတ်မှုတစ်ခုကြောင့် အနည်းဆုံးလူ ၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ 

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့နှစ်က ဘေရွတ်မြို့ဆိပ်ကမ်းပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတစ်ခုအတွင်း ဖြစ်ပွားခဲ့တာပါ။  ဆန္ဒပြသူတွေဟာ တရားခွင်မှာပါဝင်တဲ့ တရားသူကြီးတဦးကိုဖယ်ရှားပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ 

လက်ဘနွန်စစ်တပ်ရဲ့ကြေညာချက်အရ ဆန္ဒပြသူတွေဟာ ဆန္ဒပြပွဲအတွင်း ရုတ်တရက်သေနတ် ပစ်ခတ်မှုနဲ့ ကြုံခဲ့ရပြီး ၂ ဖက်အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့တယ် လို့ ဆိုပါတယ်။ 

တိုက်ပွဲတွေဟာ ၄ နာရီခွဲလောက် အချိန်ကြာမြင့်ခဲ့ပြီး အဲ့ဒီအချိန်အတွင်း အရပ်သားတွေလည်း အဲ့ဒီနေရာမှာ ရှိနေခဲ့တာပါ။ 

လက်ဘနွန်စစ်တပ်က နယ်မြေကိုထိန်းချုပ်ကာ သေနတ်သမားအချို့ကို ဖမ်းဆီးခဲ့ပြီး Teyouneh တဝိုက်မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေကို အကြီးအကျယ် တပ်ဖြန့်ထားပါတယ်။ 

၀န်ကြီးချုပ် နာဂျစ်မီကာတီက တည်ငြိမ်ကြဖို့ တောင်းဆိုလိုက်ပြီး အခြေအနေကိုထိန်းချုပ်ဖို့ စစ်တပ်ကို တောင်းဆိုခဲ့သလို အခြေအနေကို ဆွေးနွေးဖို့ အရေးပေါ်အစည်းအဝေး ခေါ်ယူထား တယ်လို့ တရားဝင်သတင်းဌာနက ဖော်ပြပါတယ်။ 

ပဋိပက္ခကြောင့် အနီးအနားရှိ အဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားပြီး တချို့လက်ဘနွန်လူမျိုးတွေကတော့ ပြည်တွင်းစစ်ပြန်ဖြစ်သွားမှာ စိုးရိမ်နေကြပါတယ်။

၂၀၂၀ ခုနှစ် သြဂုတ် ၄ ရက်ညနေက ဘေရွတ်ဆိပ်ကမ်းရှိ ဂိုဒေါင်တစ်ခုမှာ ၆ နှစ်လောက် သိုလှောင်ထားတဲ့ အမိုးနီးယမ်နိုက်ထရိတ် တန် ၃ ထောင်နီးပါး ပေါက်ကွဲခဲ့လို့ လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၆၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ 

More News
Up