Home
မြန်မာသတင်း
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ရှမ်းလူငယ်များ တောင်းဆို
DVB
·
December 30, 2013
နိုင်ငံရေးနည်းလမ်းဖြင့် ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်သွားဖို့ ရှမ်းလူငယ်တွေ့ဆုံ နှီးနှောဖလှယ်ပွဲကနေ ဆောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့ ချမ်းမြေ့သာစည်မြို့နယ် သာသနာ့ဝေပုလ္လရှမ်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ နှီးနှောဖလှယ်ပွဲကို မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မြို့ပေါင်း ၄၉ မြို့နယ်က ရှမ်းလူငယ် ၂၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ Shan Youth Seminerရှမ်းယဉ်ကျေးမှု နဲ့ ဘာသာစကား၊ မူးယစ်ဆေးဝါး ပြဿနာ၊ ရွှေ့ပြောင်းအလုပ်သမား ကိစ္စ နဲ့ လူငယ်စွမ်းရည် မြှင့်တင်ရေး စတဲ့အချက် ၄ ချက်ကို ဦးဆောင် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာ သဘောထားထုတ်ပြန်ချက် နဲ့ တောင်းဆိုချက်ကို ပူးတွဲ ကြေညာခဲ့ကြပါတယ်။ ရှမ်းလူငယ်များ နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ စိုင်းဆိုင်မိုင်းက နှီးနှောဖလှယ်ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ကျနော်တို့ ဒီမြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် နှီးနှောဖလှယ်ပွဲမှာ ကျနော်တို့ တောင်းဆိုချင်တာကတော့ နိင်ငံရေးတည်ငြိမ်မှု မရှိမချင်း စစ်မက်ဖြစ်ပွားနေခြင်းသည် လူငယ်များအပေါ် ပိုဆိုဆိုးကျိုးသက်ရောက်မှု ရှိသောကြောင့် နိင်ငံရေးနည်းလမ်းဖြင့် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်သွားရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ပညာရေး၊ ကျန်းမာရေး ပေါ်လစီကို ချမှတ်သွားရေး၊ မိခင်စာပေနဲ့ ယဉ်ကျေးမှုကို လွတ်လပ်စွာ ထိန်းသိမ်းပိုင်ခွင့်ရှိရေး၊ ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ မိသားစုတွေ မိမိနေရပ်ကို လွတ်လပ်ပြီး လုံခြုံစိတ်ချစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ဒီအချက်တွေကို ကျနော်တို့ ဒီမြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် နှီးနှောဖလှယ်ပွဲမှာ တက်ရောက်လာတဲ့ လူငယ်မောင်မယ် အားလုံးက တောင်းဆိုလိုက်ပါတယ်” လို့ ပြောပါတယ်။ ရှမ်းလူငယ်ကွန်ရက် မပေါ်ခင်က အချို့ကိစ္စတွေကို ရှမ်းအဖွဲ့စည်းအချို့က လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပြီး ချိတ်ဆက်မှု နည်းပါးနေတဲ့အတွက် အချိတ်ဆက်မိမိ လုပ်ဆောင်နိုင်ရေး ကြိုးပမ်းသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ စိုင်းဆိုင်မိုင်းက “စာပေနဲ့ယဉ်ကျေးမှု ကိစ္စတို့၊ မူးယစ်ဆေးဝါးကိစ္စတို့၊ ရွှေ့ပြောင်းအလုပ်သမားကိစ္စတို့ ဆိုတာ ရှမ်းလူငယ် ကွန်ရက်မပေါ်ခင်ကတည်းက ကျနော်တို့ လုပ်နေတာပါ။ ဒါပေမယ့် ကျနော်တို့လုပ်တယ်ဆိုတာက သူ့ဟာနဲ့သူ လုပ်နေကြတာပေါ့။ တယောက်နဲ့တယောက် အချိတ်အဆက်မိမိနဲ့ ကျနော်တို့ မလုပ်နိင်ခဲ့ပါဘူး။ ကျနော်တို့ ရှမ်းလူငယ် ကွန်ရက် ဖွဲ့စည်းလိုက်ပြီဆိုရင်တော့ ဒီထက်ပိုပြီး ကျနော်တို့ လုပ်နိင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ ရှမ်းလူငယ်ကွန်ရက်ကို ရှမ်းလူငယ် စွမ်းရည် မြှင့်တင်ရေး၊ လူငယ်တွေရဲ့ ဆန္ဒသဘောထား ဖော်ထုတ်နိုင်ရေး၊ အခြားသော တိုင်းရင်းသား လူငယ် အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် ၃ ချက် နဲ့ ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာ ရှမ်းလူငယ်ကွန်ရက်အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ တက်ရောက်လာတဲ့ လူတွေထဲက ၂၇ ယောက်ကို ကွန်ရက်ချိတ်ဆက်ဖို့ ရွေးချယ်လိုက်သလို ရှမ်းလူငယ် အားလုံးကို ကိုယ်စားပြုတဲ့ ဒီကွန်ရက်ဟာ ရှမ်းတိုင်းရင်းသားထဲမှာ ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ လူငယ် ကွန်ရက်တခုလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024