Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ယနေ့ပြန်ဖွင့်
DVB
·
October 14, 2021

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်ပိတ်ထားခဲ့တဲ့  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးစခန်းတွေကို  အောက်တိုဘာ ၁၄ ရက် ဒီနေ့ မနက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ကိုဗစ်ရောဂါကူးစက် ပျံ့နှံ့မှုကို နှစ်ဘက်ထိန်းချုပ်လာနိုင်တဲ့ အခြေအနေကြောင့် ရခိုင်ပြည်နယ် စစ်ကောင်စီက အခုလိုခွင့်ပြုချက်ချပေးခဲ့တာဖြစ်တယ်လို့ စစ်တွေအခြေစိုက် ကုန်သည် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

“အဓိကကတော့ ဒီဘက်က ကိုဗစ်ရောဂါ ထိန်းချုပ်လာနိုင်တယ်။ပြီးတော့ တစ်ဘက်နိုင်ငံမှာလည်း ကိုဗစ်ဖြစ်ပွားနှုန်း ကျဆင်းလာတယ်။ အထိုက်အလျောက်သူတို့လည်း  ထိန်းချုပ်လာ နိုင်တယ်ဆိုတဲ့ အခြေအနေကြောင့် ဖွင့်ခွင့်ပြုလိုက်တာပါ။”

ဒီလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး စည်း ကမ်းချက်တွေနဲ့အညီ ကုန်သွယ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေချိန် ပြီးခဲ့တဲ့ ဇူလိုင်လလယ်က စတင်ပြီး မြန်မာဘက်က ပြန်လည်ပိတ်ထားခဲ့တာပါ။

ဒီလိုပိတ်ထားခဲ့တာကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုဟာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၅ သန်းကျော်သာရှိခဲ့ပြီး  အရင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၁၆ သန်းကျော် ကုန်သွယ်မှုလျော့ကျခဲ့တယ်လို့ စစ်ကောင်စီစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်ရေး စာရင်းတွေအရ သိရပါတယ်။

“ပိတ်ထားတဲ့ကာလမှာတော့ ကုန်သွယ်မှုလုံးဝရပ်သွားတာပေါ့၊ ဧပြီလ သင်္ကြန်မတိုင်ခင်က နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်တယ်။ သင်္ကြန်မတိုင်ခင်ကနေ စဖွင့်ပြီး ဇူလိုင်လလယ်လောက်မှာ တစ်ကြိမ် ပြန်ပိတ်ခဲ့တာပေါ့။ အဲဒီတော့ ကုန်သွယ်မှုပမာဏက ထိခိုက်သွားတဲ့ အနေအထား ရှိတာပေါ့” လို့  စစ်တွေအခြေစိုက် ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ တင်ပို့နေတာပါ။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၁ သန်း ကျော်ထိရှိခဲ့ပြီး၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၅ သန်းကျော်သာ ရှိခဲ့ပါတယ်။ ရာသီ အခြေအနေအပေါ်မူတည်ပြီး စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုကနေ တစ်လကို ပျဉ်းမျှအမေရိကန်ဒေါ်လာ ၇ သန်းဝန်းကျင် ကုန်သွယ်မှုပြုနေတယ်လို့ကုန်သည်တွေက ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့နိုင်ငံခြားကုန်သွယ်မှုမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်တန့်နေသလို၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးက လည်း ရပ်တန့်ထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024