Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း စစ်ရှောင်ပြည်သူများ စားဝတ်နေရေးနှင့်ကျန်းမာရေး အခက်အခဲဖြစ်နေ
DVB
·
October 14, 2021

စစ်ကိုင်းတိုင်းထဲက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေဟာ စားဝတ်နေရေး နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ရယူဖို့ အခက်အခဲဖြစ်နေကြပါတယ်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ လူဦးရေ ၁ သိန်းခွဲနီးပါးနေထိုင်နေကြပြီး ပြည်သူတချို့ဟာ ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။ 

ယင်းမာပင်ခရိုင်ထဲမှာ ကနီ၊ ပုလဲ၊ ဆားလင်းကြီးနဲ့ ယင်းမာပင်တို့တည်ရှိနေပြီး လူဦးရေသောင်းချီပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ယင်းမာပင်မြို့နယ်မှာ နေထိုင်တဲ့ပြည်သူတွေဟာ ကိုဗစ်တတိယလှိုင်းဒဏ်ကိုခံခဲ့ရပြီး အခုအချိန်မှာ စစ်ကောင်စီက ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ခဲ့တာကြောင့် ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ 

တိုင်းအတွင်း အုပ်ချုပ်ရေးယန္တရားတွေ ပျက်စီးနေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ခံစားခွင့်မရဘဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တာကို ကြုံတွေ့နေရပါတယ်။

ယင်းမာပင်မြို့နယ် ပြည်သူတစ်ဦးက "ပျံကျ၊ ကြခတ်၊ မန်ကျီးချောက်ကျေးရွာတွေအပါအဝင် ကျေးရွာ ၇ ရွာကပြည်သူတွေ ထွက်ပြေးသွားကြတယ်။ မရှိတော့ဘူး။ ဘယ်လိုနေကြရလဲဆိုတော့ သူများရွာတွေကိုပဲ ပြေးပုန်းခိုနေရတယ်။ ဆွေမျိုးအိမ်တွေကိုသွားကြတယ်။ လယ်တောတွေဖြတ်ပြီး သစ်ပင်ရိပ်မှာ တဲလေးတွေထိုးပြီးနေကြရတယ်။ ရိက္ခာအခက်အခဲလည်းရှိတယ်။ ကူညီမယ့်သူတွေကလည်း မကူညီရဲကြဘူး။ ကျနော်တို့က ချောင်ပိတ်ခံနေရပြီ။ ဖုန်းကလည်း ဆက်ချင်တိုင်း ဆက်လို့မရဘူး။ တစ်နေရာကနေ တစ်နေရာကိုလည်း သွားမရဘူး။ ဖြတ်လေးဖြတ်ထဲရောက်နေပြီလို့ပဲ ပြောလို့ရတယ်။ ဆေးဝါးတွေကလည်း ပြေးနေလွှားနေရတော့ ပြတ်တောက်နေပြီ။ တစ်မြို့နယ်လုံး ကိုဗစ်လည်းဖြစ်ပြီးပြီ။ ကိုဗစ်အကြောင်း ပြောမယ့်သူလည်းမရှိတော့ဘူး။ သေတဲ့သူလည်း သေကုန်ကြပြီ။ ထုံးစံအတိုင်းသေရမှာပဲဆိုပြီး သေလူလို့ သတ်မှတ်ထားကြပါတယ်။"

ပုံတောင်-ပုံညာလမ်းတစ်လျှောက် ကျေးရွာတွေကို စစ်ကောင်စီက အကြမ်းဖက်အနိုင်ကျင့်နေသလို နေအိမ်တွေကို မီးရှို့တာ၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို လုယူတာ၊ ရိုက်နှက်ဖမ်းဆီး စစ်ဆေးတာတွေလည်းပြုလုပ်နေတာပါ။ 

ထောင်နဲ့ချီတဲ့ စစ်ကိုင်းဒေသခံပြည်သူတွေဟာ အခြေအနေအနည်းငယ်တည်ငြိမ်မှုရှိတဲ့ မြန်မာပြည်အောက်ပိုင်းကို ပြောင်းရွှေ့နေကြတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

"မြန်မာပြည်အောက်ပိုင်း နယ်မြေအေးချမ်းတဲ့ ပဲခူးလိုနေရာအထိ ရွှေ့တာရှိတယ်။ များသောအားဖြင့် ပုံတောင်-ပုံညာဒေသနဲ့ အနောက်မြောက်တိုင်းကို ဖိမှာဆိုတော့ အောက်ပိုင်းက ပြောင်းကြတဲ့သူ ထောင်ဂဏန်းလောက်အထိရှိမယ်။ မြေပြင်အစတုန်းက ၄ သောင်းကျော် စစ်ရှောင်နေရပြီး အခုဆိုရင် ၇ သောင်းပတ်ဝန်းကျင်အထိ ရှိလာနိုင်တယ်။

စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် နယ်စပ်အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၇ သောင်းဝန်းကျင်အထိ ရှိလာပြီး သူတို့ကို ကူညီဖို့ ဒေသခံ PDF တွေက စစ်တိုက်ဖို့ရထားတဲ့ အလှူငွေတွေထဲက တချို့ကို ပြန်လည်အသုံးပြုနေပါတယ်။ 

ဆေးရုံအသေးစားတခုကိုလည်း ပုလဲ PDF ကဖွင့်လှစ်ထားပြီး ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ကြိုးစားနေပါတယ်။  

စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေဖွင့်ပြီး တစ်စုတစ်စည်းတည်း နေဖို့ မဖြစ်နိုင်တာကြောင့် စာရင်းအတိအကျသိနိုင်ဖို့ ခက်တယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024