စစ်ကိုင်းတိုင်း ခင်ဦးမြို့နဲ့ ယင်းမာပင်မြို့တို့မှာ စစ်ကောင်စီယာဉ်တန်းနဲ့ တံတားတခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ခင်ဦးမြို့မှာ အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီလောက်က ညောင်ပင်ကြီးစု ကျေးရွာဘက်က လာတဲ့ စစ်ယာဉ်တန်းကို ခင်ဦး-ရေဦးလမ်း မြကန်ကျေးရွာလမ်းခွဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကားနှစ်စီး အပြင်းအထန် ထိခိုက်သွားတယ်လို့ ဒေသခံ PDF က ပြောပါတယ်။
ခင်ဦး PDF တပ်ဖွဲ့ဝင်တဦးက “ညောင်ပင်ကြီးစုရွာက ဒလန်မိသားစုကို ကားတစ်စီးနဲ့လာခေါ်တယ်၊ ကားနောက်က လုံခြုံရေးလိုက်တဲ့ ဆိုင်ကယ်ပါတယ်။ အဲဒီထဲက ကောင်ကို ကျနော်တို့အဖွဲ့တွေက သေနတ်နဲ့ခြောင်းပစ်တာ တကောင် မှန်ပြီးကျသွားတယ်။ အဲဒါနဲ့ပတ်သက်ပြီး စစ်ကား ၄ စီးနဲ့ ပစ်ခတ်မှုဖြစ်တဲ့ နေရာအလာမှာ စောင့်ပြီးမိုင်းခွဲလိုက်တာပဲ။ ၈ လုံးတတွဲ ၄ လုံးတတွဲ နှစ်တွဲခွဲတာ ကားနှစ်စီးအပြင်းအထန် ထိခိုက်သွားတယ်။”
ထိခိုက် သူတွေကို ခင်ဦးမြို့နယ် လူမှုကူညီရေးကားတွေနဲ့ သယ်ဆောင်နေကာ ထိခိုက်သေဆုံးမှုများနိုင်ပြီး ဘယ်လောက်သေဆုံးတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။
ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းပိုင်း ကွေ့ချောင်းကျေးရွာအနောက်ဘက် ရေကျော်တံတား ၁ ခုကိုလည်း အောက်တိုဘာ ၁၂ ရက် ည ၇ နာရီလောက်မှာ ဒေသခံ PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခံလိုက်တယ်လို့ သိရပါတယ်။
တံတားပျက်စီးသွားမှုကြောင့် လက်ရှိအချိန်မှာ ကားတွေ ဖြတ်သန်းသွားလာလို့ မရတော့ကြောင်း၊ အခုလိုလုပ်ဆောင်တာဟာ စစ်ကောင်စီကားတွေ ကူးသန်းသွားလာလို့မရအောင် ဖောက်ခွဲ ဖျက်ဆီးပစ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်းဟာ အိန္ဒိယနိုင်ငံဘက်ထိ သွားလာလို့ရအောင် ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းပိုင်းဖြစ်သလို ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်တို့ဆီကို အလွယ်တကူသွားလာနိုင်တဲ့ လမ်းပိုင်းတစ်ခု ဖြစ်ပါတယ်။