တရုတ်-မြန်မာနယ်ခြားစည်းအနီး စစ်ရှောင်ပြည်သူများကို တရုတ်ဘက်က မောင်းထုတ်‌

တရုတ်-မြန်မာနယ်ခြားစည်းအနီး တိုက်ပွဲလာရှောင်နေတဲ့ မုံးကိုးဘက်က ဒေသခံပြည်သူတွေကို တရုတ်ဘက်က အောက်တိုဘာ ၁၃ ရက် ဒီနေ့  လာရောက် မောင်းထုတ်‌နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

စစ်ရှောင်ပြည်သူတစ်ဦးက “မုံးကိုးက နယ်စပ်မှာ ဟုတ်တယ်။ ခု ပြဿနာတခု ဖြစ်နေတယ်။ နယ်စပ်မှာ မြန်မာဘက်ခြမ်းမှာ လာနေတာတောင် တရုတ်တွေ ဒီနေ့လာပြောတယ်။ မပေးနေဘူး။ စစ်ရှောင်တွေကို နင်တို့ ကိုယ်သိတဲ့ နေရာသွားကြ။ တော်တော်ဝေးသေးတာ ဒီမှာ နေလို့မရဘူးလို့ လာပြောတယ်။ အဲဒါကြောင့် အရမ်းဒုက္ခရောက်နေတယ်” လို့ ပြောပါတယ်။

ဖော်ဂျုံးပါက ဒေသခံတွေ မြန်မာဘက်ခြမ်း ရေချောင်းဘေးနားမှာ တချို့တွေ တဲထိုးနေကြတာဖြစ်ပြီး တချို့နေရာတော့ သူတို့ ကာထားတဲ့ စည်းရိုးနဲ့ လက်တလံ စာလောက်ပဲ ကွာဝေးကာ တချို့နေရာတွေမှာတော့ သုံး၊ လေးလံ ဝေးတယ်လို့ အကူအညီ‌ပေးနေသူ ၁ ဦး က ပြောပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အောက်တိုဘာလ ၁၂ ရက်နေ့က တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဖော်ဂျုံးပါနဲ့ ရွာသစ်က ဒေသခံ ပြည်သူ ၄၀၀ ကျော် တရုတ်-မြန်မာ နယ်စပ် နားမှာ လာရောက်တိမ်းရှောင်နေကြတာပါ။

တိုက်ပွဲ‌ကြောင့် ၂ နှစ်ရွယ် ကလေး ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့ပြီး ၄ ဦးက ဒဏ်ရာ ပြင်းထန်ပါတယ်။

လက်ရှိ မုံးကိုးမြို့နယ်အတွင်း ဇူလိုင် ၃ ရက်နေ့မှ အောက်တိုဘာ ၁၂ ရက်နေ့အထိ တိုက်ပွဲ ရှောင်ပြည်သူ ၁၂၀၀ ကျော် ရှိပါတယ်။

More News
Up