ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်သာကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် မနက်က ထောင်ထားတဲ့ မိုင်းတလုံး မတော်တဆ ပေါက်ကွဲမှုကြောင့် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကနေ့မနက် ၈ နာရီလောက်က ကုန်းသာကျေးရွာက တောင်ယာသွားတဲ့လမ်းမှာ ထောင်ထားတဲ့ မိုင်းအစတွေ့လို့ ကောက်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၂၉ နှစ်နဲ့ ၄၁ နှစ်အကြားဖြစ်ပါတယ်။ တယောက်က ညာခြေသလုံး လက်မဝက်လောက် ပေါက်သွားကာ နောက်တဦးက ခြေသလုံး မိုင်းစ ဖောက်ဝင်ခဲ့ပြီး ကျန်တဦးကတော့ ဘယ်လက်ကောက်ဝတ်ပေါက်ပြဲခဲ့ကြောင်း ရွှေလွိုင်ကော် မရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရသူတွေကို ရွှေလွိုင်ကော်ပရဟိတအသင်းက သွားရောက်သယ်ယူပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာမှာ စက်တင်ဘာလကုန်ပိုင်းက ဒေသခံ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လူနေအိမ်တွေ မီးလောင်ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။