ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ရှမ်းရွာတံတားအဆင်း အညာစုရွာထိပ်မှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ည ၇ နာရီခွဲလောက်က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။
“စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ အရာတွေကို မိုင်းခွဲဖျက်ဆီးတာပါ။ ရှေ့ဆက်လည်း ဆက်လုပ်သွားမှာပါ။ ခုမိုင်းခွဲတာကိုတော့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ဧရိယာ ၁၄ အဖွဲ့ပေါင်းလုပ်တာပါ” လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးတာကို ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိအောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်သားတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတာ ၆ ကြိမ်ထိ ရှိလာပြီလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။