Home
မြန်မာသတင်း
ဖရူဆိုတွင် ၄ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်တပ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီး
DVB
·
October 12, 2021

ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့အကြား ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲက ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီကား ၁ စီး ပျက်စီးပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ထားလဲကျေးရွာနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထားလဲကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူတွေရဲ့ စပါးကျီတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ကျွဲနွားတိရစ္ဆာန်တွေကို သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြောင်းအရင်းက စစ်ကောင်စီဘက်က လဆန်းပိုင်းကတည်း ဖရူဆိုနဲ့ ဘောလခဲမြို့တို့ကို ထိုးစစ်ဆင်တာ၊ ရိက္ခာ အင်အား ဖြည့်တင်းတာတွေကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲကြောင့် အနီးအနားကျေးရွာက ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်က တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် မိုးကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီ(ကယား) ပြည်နယ်မှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၁၂၂ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ သပိတ်အတွင်းသေဆုံးသူ ၂ ဦး၊ စစ်ကောင်စီကအရပ်သားကို အကြောင်းမဲ့ သတ်ဖြတ်တာ ၈၂ ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ  ၁၀ ဦး၊ KNDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ကသေဆုံးသူ ၂၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  သေဆုံးသူအများစုမှာ ဒီးမော့ဆိုမြို့မှဖြစ်ပြီး ၈၃ ဦး၊ လွိုင်ကော်မြို့က ၂၁ ဦး၊ ဖယ်ခုံမြို့က ၁၀ ဦး၊ မိုးဗြဲမြို့က ၅ ဦး၊ ဘောလခဲမြို့က ၂ ဦး၊ ဖရူဆိုမြို့ ၁ ဦးဖြစ်ပြီး အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ် ၅ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024