တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျောက်ဆင်ကျေးရွာမှာ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ၄ ချက် ပစ်သတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရီဦးဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် အိမ်အနီးနားမှာပဲ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။
“အရင် အုပ်ချုပ်ရေးမှူးထွက်သွားတော့ သူ့ကို အုပ်ချုပ်ရေးမှူးဆိုပြီး စကစ က ခန့်ထားတာ။ ညနေ ၄ နာရီခွဲလောက် ဆိုင်ကယ်နဲ့ အိမ်ပြန်လာတုန်း အနောက်ကဆိုင်ကယ်နဲ့လိုက်ပြီး သေနတ်နဲ့ ၄ ချက်ပစ်သွားလို့ သေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အမည်မသိ သေနတ်သမားက ပစ်သတ်ခဲ့လို့ သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး ရီဦးဟာ ကျေးရွာမှာ ဒလန် အဖြစ် သတ်မှတ်ခံထားရသူတစ်ဦးဖြစ်ပြီး ကျေးရွာအတွင်းက စစ်အာဏာရှင် ဆန့်ကျင်သူတွေကို စစ်ကောင်စီကို ခေါ်ဖမ်းခိုင်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ကလည်း သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်မျိုးဦးကို အမည်မသိအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။
ရီဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး သေနတ်ပစ်ခံရတဲ့ နေရာအနီးမှာ စုံစမ်းစစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေပါတယ်။