ဗြိတိန် လေယာဉ်တင်သင်္ဘောအသစ် စင်ကာပူသို့ ရောက်ရှိ

ဗြိတိန် လေယာဉ်တင်သင်္ဘောအသစ် HMS ဘုရင်မ အဲလိဇဘက်ဟာ စင်ကာပူနိုင်ငံကို အောက်တိုဘာ ၁၁ ရက်မှာ ရောက်လာပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှု တိုးလာနေချိန်မှာ အာရှဒေသအတွင်း စစ်ရေး တည်ရှိမှု တိုးမြှင့်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်သုံးသပ်ချက်ရဲ့အရွေ့ အစိတ်အပိုင်းအနေနဲ့ ရောက်လာတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

HMS ဘုရင်မအဲလိဇဘက် လေယာဉ်တင်သင်္ဘောဟာ ဗြိတိန် တိုက်ရေယာဉ်အုပ်စုကို ဦးဆောင်လာခဲ့တာပါ။

သီတင်းပတ်ကုန်ရက်မှာ F-35B စတဲ့လ်သ် တိုက်လေယာဉ်နဲ့ F-16 ဂျက်လေယာဉ်တို့နဲ့ တိုက်ခိုက်ရေးသင်တန်းပေးဖို့နဲ့ ရေတပ်စစ်ရေးလေ့ကျင့်ဖို့ အပါအဝင် စင်ကာပူ စစ်တပ်နဲ့ စစ်ရေးလေ့ကျင့်ဖို့ ရှိပါတယ်။

ဗြိတိန်ဟာ အာရှရေပိုင်နက်ထဲမှာ သူ့ရဲ့ စစ်သင်္ဘော ၂ စီးကို အမြဲတမ်း တပ်ချထားဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နဲ့ တခြား အနောက်မဟာမိတ်နိုင်ငံတွေကလည်း ကမ္ဘာ့ကုန်သွယ်ရေးအတွက် အမေရိကန် ဒေါ်လာ ထရီလျံချီ တန်ဖိုးရှိတဲ့ ကုန်စည်တွေ သယ်ပို့သွားလာရာ ပင်လယ်ရေလမ်းကြောင်းတွေအတွင်း ကျွန်းတွေ တည်ဆောက်ရင်း စစ်ရေး တိုးချဲ့နေတဲ့ တရုတ်ရဲ့ လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတာပါ။

ဗြိတိန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးဖြန့်ကြက်မှုအတွင်း တိုက်သင်္ဘောအုပ်စု ရပ်နားပြီး ပူးတွဲစစ်ရေး လေ့ကျင့်မယ့် နိုင်ငံ ၄၀ ကျော်ထဲမှာ စင်ကာပူနိုင်ငံလည်း ပါတယ်လို့ ဗြိတိန် အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

HMS Queen Elizabeth ဟာ အမေရိကန် ဗြိတိန်နဲ့ သြစတြေးလျတို့က သုံးနိုင်ငံ ဒေသတွင်း ကာကွယ်ရေး သဘောတူညီချက်အရ စစ်တပ် အမြဲတမ်းထားရှိရေးရဲ့ အစအနေနဲ့ အရင်လက ဂျပန်နိုင်ငံကို သွားခဲ့ပါတယ်။

လတ်တလောနှစ်တွေမှာ တရုတ်ဟာ တောင်တရုတ်ပင်လယ်တခွင်လုံးမှာ ကမ်းရိုးတန်းစောင့် သင်္ဘောတွေကို တပ်ချခဲ့ပြီး ဒုံးကျည်စနစ်တွေ ပါတဲ့ လူလုပ်ကျွန်းတွေကို ပင်လယ်ထဲမှာ တည်ဆောက်ခဲ့လို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ တရုတ်ရဲ့ လုပ်ရပ်က တရားမဝင်ဘူးလို့ နိုင်ငံတကာ ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ 

တရုတ်လေတပ်ဟာ ဒီလအစောပိုင်းမှာ ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲကို လေယာဉ်အရေအတွက် အကြီးဆုံးပမာဏနဲ့ ကျူးကျော် ပျံသန်းခဲ့ပါတယ်။

More News
Up