Home
မြန်မာသတင်း
ကာကွယ်ရေးအသုံးစရိတ်က ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ၂ ခုပေါင်းထက်ပိုများနေ
DVB
·
October 11, 2021

စစ်ကောင်စီကထုတ်ပြန်တဲ့ ၂၀၂၂ ဘဏ္ဍာနှစ်အတွက် ပထမ ၆ လတာ ပြည်ထောင်စုဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်က ပညာရေးနဲ့ကျန်းမာရေးကဏ္ဍ ၂ခုပေါင်းထက်ပိုများနေတဲ့အတွက် ယခင် နဝတ၊နအဖခေတ်ဆီ ပြန်ရောက်နေပြီလို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

၂၀၂၂ ဘဏ္ဍာနှစ်အတွက် ပထမ ၆ လတာ ပြည်ထောင်စုဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၇၄၆,၈၆၈,၉၈၉ ရှိပြီး ပညာရေးအသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၁၆၆,၂၆၂,၈၄၉ နဲ့ ကျန်းမာရေးအသုံးစရိတ်က ကျပ်သန်းပေါင်း ၄၉၉,၇၃၁,၅၉၁ ရှိပါတယ်။ အဆိုပါကဏ္ဍ ၂ခုအတွက် စုစုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၆၆၅,၉၉၃,၄၄၀ ပဲရှိတာကြောင့် ကာကွယ်ရေးအသုံးစရိတ်ထက်လျှော့တာ တွေ့ရပါတယ်။

စီးပွားရေးသုတေသီတဦးက “ပုံမှန်အားဖြင့် ကာကွယ်ရေးအသုံးစရိတ်က ဘတ်ဂျက်တခုလုံးရဲ့ ၁၃ ရာခိုင်နှုန်းလောက်သုံးတာ တွေ့ရပါတယ်။ အခုလည်း ကျနော်ထင်တယ်။ အတက်၊အကျ သိပ်မရှိလှဘူးလို့မြင်ပါတယ်။ အခုက ၆လတာ ဘတ်ဂျက်ဖြစ်တာကြောင့် အဲ့ဒီ့မှာလည်း ကျနော်ထင်တယ် ၁၃ ရာခိုင်နှုန်းလောက် ရှိလိမ့်မယ်။ နောက်တခုက သာမန်သုံးငွေနဲ့ ငွေလုံးငွေရင်းသုံးငွေ ဆိုတာရှိတယ်။ သာမန်သုံးငွေဆိုတာက လစာတို့၊ဘာတို့ ပုံမှန်အသုံးစရိတ်တွေပေါ့နော်။ ငွေလုံးငွေရင်းအသုံးစရိတ်ဆိုတာက စစ်လက်နက် ပစ္စည်းတွေဝယ်တာ။ စစ်တပ်တွေရဲ့သဘောက ကစားစရာအသစ်ရရင်လိုချင်တယ်လေဗျာ။ အဲ့တော့ လေယာဉ်ပျံအသစ်ထွက်ပြန်ပြီ၊ သင်္ဘောအသစ်ထွက် ပြန်ပြီဆိုရင် သူတို့က လိုချင်တာပေါ့နော်။ လိုချင်တော့ အဲ့အတွက် စစ်အသုံးစရိတ်က တောင်းတာပေါ့။ အခုဟာက စစ်ဆင်ရေးတို့၊ ဘာတို့ပြောရင် ကိုယ့်ပြည်တွင်းထဲမှာပဲ လိုက်ချေမှုန်းနေတာလေ” လို့ပြောပါတယ်။

ပြီးခဲတဲ့ကာလတွေကိုပြန်ကြည့်ရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ကာကွယ်ရေးအသုံးစရိတ်က ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၁၇ ရာခိုင်နှုန်းကျော်အထိ အမြင့်ဆုံးအသုံး ပြုခဲ့တာရှိခဲ့ပါတယ်။ ထူးခြားချက်ကတော့ အဆိုပါကာလမှာ စစ်တပ်(တပ်မတော်)နဲ့ KIA တို့အကြား တကျော့ပြန် တိုက်ပွဲတွေရှိနေတဲ့ အချိန် ဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရ လက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်က ကျပ်ငွေသန်းပေါင်း ၃၁၆၈ ဘီလီယံအထိ အသုံးပြုခဲ့ပြီး ဒီပမာဏက ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၁၅ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါနှစ်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲအရေအတွက်က ၇၂၀ ကျော်ရှိခဲ့တယ်လို့  United Nations OCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ  တွေ့ရပါတယ်။

ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတဦးက “အခုတော့ စစ်တပ်က သူဘာသာ အစိုးရဖွဲ့ပြီး လုပ်တာဆိုတော့ ဘယ်သူမှလည်း အထိန်းအခြေမရှိတော့ဘူးနော်။ ကိုယ့်ဘာသာကိုယ် ဘတ်ဂျက်ချပြီးတော့ ကိုယ့်ဘာသာ သုံးလို့ရသလို ဖြစ်သွားတော့ပေါ့။ အရင်ကတော့ လွှတ်တော်နဲ့ ကော်မတီတွေရှိတော့ ဘာပဲပြောပြော စောင့်ကြည့်လေ့လာမှု အောက်ကနေဖြတ်ရတယ် ပေါ့နော်။ အခုကတော့မရှိတော့ဘူးပေါ့။ ဆိုတော့ ပိုဆိုးသွားတာပေါ့။ အရင် နဝတ၊နအဖ စစ်အစိုးရလက်ထက်မှာလည်း ကျန်းမာရေး၊ပညာရေးအတွက် ဘာမျှဂရုမစိုက်ဘူးလေ။ ဒီတော့ ဘတ်ဂျက်က ဘာမျှ မသုံးသလောက်ပဲ။ အခုလည်း အဲ့လိုမျိုး ပြန်ဖြစ်သွားနိုင်တာပေါ့နော်” လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်လာပြီးနောက် အရပ်သားတပိုင်းအစိုးရနဲ့ အရပ်သားအစိုးရအဖွဲ့တို့ လက်ထက်မှာ ဘတ်ဂျက်နဲ့ပတ်သတ်ပြီး ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကာကွယ်ရေးအသုံး စရိတ်တွေ တနှစ်ထက်တနှစ် ပိုမိုတောင်းခံခဲ့တဲ့ နှစ်တွေသာရှိခဲ့ပြီး လွှတ်တော်က ကာကွယ်ရေး အသုံးစရိတ်တွေ တိတိကျကျ စိစစ်ခွင့်ရရှိအောင် ကြိုးပမ်းခဲ့ကြပေမယ့် အလုံးစုံအောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။

ကာကွယ်ရေးအတွက် အသုံးစရိတ်တွေကို  တပ်မတော် စစ်ဆေးရေးအရာရှိချုပ်က စစ်ဆေးလေ့ရှိပြီး ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ သာမန်အသုံးစရိတ်တွေသာ  လွှတ်တော်က အကြမ်းဖျင်း စိစစ်ခွင့်သာရရှိခဲ့ပါတယ်။

စစ်ကောင်စီ လေတပ်အသုံးစရိတ်ရဲ့ ပမာဏအတော်များများဟာ လေယာဉ်သစ်တွေဝယ်ဖို့သာမဟုတ်ဘဲ၊ လက်ရှိ မော်ဒယ်ကနေ အသစ်လဲဖို့ လေယာဉ်နဲ့ တခြားဆက်စပ်တဲ့ ကိရိယာတန်ဆာပလာတွေ ဝယ်ဖို့လည်းပါဝင်တဲ့အကြောင်း၊ ၂၀၂၀ ဘဏ္ဍာနှစ်မှာ လေတပ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၇၇ သန်းရဲ့ သုံးပုံ ၁ ပုံဟာ လေယာဉ် အပိုပစ္စည်းတွေနဲ့ ပြင်ဆင်စရိတ်အတွက်သုံး စွဲတာဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

လေတပ်အတွက် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ ဆက်စပ် အပိုပစ္စည်းတွေဝယ်ယူရာမှာ လက်ရှိ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ မိသားစုဝင်တွေ ကိုယ်ကျိုးစီးပွားအရ ပါဝင်ပတ်သက်နေတယ်လို့ ရိုက်တာရဲ့ စုံစမ်းထောက်လှမ်း သတင်းကို ကိုးကားပြီး Justice For Myanmar  အဖွဲ့ကလည်း  စက်တင်ဘာ ၁၂ ရက်မှာ  ထုတ်ပြန်ခဲ့ပါတယ်။

Photo-UKSY

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024