နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ တသားတည်း ရပ်တည်လာခဲ့တဲ့ ဆေးဗိုလ်ကြီးများအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်သားမိသားစုတွေအတွက် ကျန်းမာရေးအခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့နဲ့ ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူ့ဘက်ရပ်တည်ခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့ပတ်သက်ပြီး Telegram ကတဆင့် ဆက်သွယ်ဆေးကုသမှု ခံယူနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ဘက် ရပ်တည်လာတဲ့ CDM အရာရှိ၊ စစ်သည်တွေ မိသားစုဝင်တွေကိုလည်း ကြိုဆိုနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၁၆၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၈၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။