ယီမင်တွင် အုပ်ချုပ်ရေးမှူးယာဉ်တန်းကို ကားဗုံးတိုက်ခိုက်မှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံး

ယီမင်နိုင်ငံတောင်ပိုင်းက အေဒင်ဆိပ်ကမ်းမြို့မှာ အောက်တိုဘာ ၁၀ ရက်က အုပ်ချုပ်ရေးမှူးရဲ့ ယာဉ်တန်း ကားဗုံးနဲ့ တိုက်ခိုက်တာခံရလို့ လူ ၄ ဦးထက်မနည်း သေဆုံးတယ်လို့ လုံခြုံရေးနဲ့ စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်ပိုင်းခွဲထွက်ရေးအုပ်စုက အဖွဲ့ဝင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူး အာမဒ်လမ်လာက်စ်နဲ့ စိုက်ပျိုးရေးဝန်ကြီး ဆာလမ်အယ်လ်စူကာထရီတို့ကတော့ အကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားမှုအတွင်း အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ အစိုးရ သတင်းဌာနက ဖော်ပြပါတယ်။

အကြမ်းဖက်လုပ်ကြံမှုမှာ ကလေးတယောက်နဲ့ အရပ်သားတွေ အပါအဝင် လူ ၅ ယောက်ထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ (STC) ခွဲထွက်ရေးသမားတွေရဲ့ စစ်ရေးပြောခွင့်ရက ပြောပါတယ်။

လမ်လက်စ်ဟာ (STC) ရဲ့ အတွင်းရေးမှူးချုပ်ဖြစ်ပြီး အေဒင်မြို့နဲ့ ယီမင်တောင်ပိုင်းဒေသကို ထိန်းချုပ်နိုင်ရေးအတွက် ဆော်ဒီအာရေဗျက ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရကို ယှဉ်ပြိုင်နေသူပါ။

STC အဖွဲ့တွင်းမှာလည်း အချင်းချင်းကြား နေရာလုဖို့ ခွက်စောင်းခုတ်တာတွေ ရှိနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဆော်ဒီအာရေဗျက ဦးဆောင်တဲ့ ညွန့်ပေါင်းမဟာမိတ် ခေါင်းစဉ်အောက်မှာ ယီမင်အစိုးရနဲ့ STC တို့ဟာ မဟာမိတ်တွေဖြစ်ပြီး အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီလှုပ်ရှားမှုကို တိုက်ပွဲဝင်နေပါတယ်။

အာဏာအတွက် အားပြိုင်မှု အဆုံးသတ်ရေးအတွက် STC အဖွဲ့ဝင်တွေပါတဲ့ အစိုးရသစ် ဖွဲ့စည်းတာအပါအဝင် လုပ်ဆောင်ချက်တွေနဲ့ ဆော်ဒီအာရေဗျအစိုးရက ကြားဝင်ဖျန်ဖြေပေးနေပေမဲ့ တင်းမာမှုတွေ ဆူပွက်နေပါတယ်။

တောင်ပိုင်း မတည်ငြိမ်မှုဟာ ယီမင်နိုင်ငံအတွင်း စစ်ပွဲအဆုံးသတ်ရေး ကုလသမဂ္ဂ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအားထုတ်မှုတွေကို ပိုရှုပ်ထွေးစေခဲ့တာပါ။

ယီမင်တောင်ပိုင်းမှာ ဆော်ဒီက ကျောထောက်နောက်ခံပေးထားတဲ့ ညွန့်ပေါင်းအစိုးရက အခြေစိုက်ပြီး နိုင်ငံမြောက်ပိုင်းအများစုကို ဟူသီတွေက ထိန်းချုပ်ထားပါတယ်။

ယီမင်စစ်ပွဲအတွင်း လူတွေ ထောင်သောင်းချီ သေဆုံးခဲ့ရပြီး နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကတော့ အကူအညီတွေအပေါ်  မှီခိုနေရပါတယ်။

More News
Up